The network connection is lost.

Banner Image

ယူနိုက်တက်ကြယ်ပွင့်ဟောင်းတစ်ဦးက သူ့ရဲ့စံပြကစားသမားဖြစ်တယ်လို့ ဖွင့်ဟလာတဲ့ ဆက်စ်ကို

လိုက်ပ်ဇစ်မှ မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် ဘင်ဂျမင်ဆက်စ်ကိုက ယူနိုက်တက်ကြယ်ပွင့်ဟောင်းတိုက်စစ်မှူးတစ်ဦးဟာ သူ့ရဲ့စံပြကစားသမားဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်နဲ့လမ်းခွဲပြီးနောက် အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေး ပေါင် ၇၄ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်က ယူနိုက်တက်မှာ သူ့ရဲ့စံပြကစားသမားက ဇလာတန်အီဘရာဟီမိုဗစ်ဖြစ်တယ်လို့ဆိုပါတယ်။ မိုဗစ်ဟာ ယူနိုက်တက်အတွက် ၅၃ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ၂၉ ဂိုးသွင်းယူကာ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ဆက်စ်ကိုအနေနဲ့ မိုဗစ်ရဲ့ခြေရာကိုနင်းပြီး ယူနိုက်တက်အတွက် ဆုဖလားတွေဆွတ်ခူးပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။

ဆက်စ်ကိုက "ကျွန်တော်ငယ်ငယ်ကတည်းက မိုဗစ်က ကျွန်တော့်ရဲ့စံပြကစားသမားဖြစ်ခဲ့ပါတယ်။ ယူကျုမှာ သူ့ရဲ့ဗီဒီယိုတိုင်းကို ကျွန်တော်အကုန်လုံး လိုက်ရှာကြည့်ခဲ့ပါတယ်။ ကျွန်တော့်အတွက်သူက မယုံနိုင်စရာကစားသမားတစ်ဦးပါ။ ကျွန်တော်တို့မှာ တူညီတဲ့ကစားဟန်မရှိဘူးဆိုပေမယ့် သူ့ကစားတဲ့ပုံစံနဲ့ သူ့ရဲ့အကျင့်စရိုက်ကို ကျွန်တော်အရမ်းသဘောကျပါတယ်။ ဒါကြောင့် တစ်နေ့မှာ သူနဲ့တွေ့နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ သူက ကျွန်တော့်ရဲ့စံပြပုဂ္ဂိုလ်ပါ" လို့ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ၂၁ ရာစုရဲ့ အကောင်းဆုံးတိုက်စစ်မှူးစာရင်းထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့် ဆက်စ်ကိုအနေနဲ့ ဆွီဒင်သားရဲ့ခြေရာကိုနင်းနိုင်မယ်ဆိုပါက ယူနိုက်တက်အတွက် ဒီရာသီမှာ အောင်မြင်မှုတွေရရှိဖို့ အကူအညီပေးသွားနိုင်ချေရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက တိုက်စစ်ပိုင်း သွင်းဂိုးရဖို့ရုန်းကန်ခဲ့ရတဲ့ယူနိုက်တက်အနေနဲ့ လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာတော့ တိုက်စစ်ပိုင်း အင်အားဖြည့်တင်းမှုနဲ့အတူ သွင်းဂိုးတွေ လွယ်လွယ်ကူကူရရှိသွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဆက်စ်ကိုဟာ ယူနိုက်တက်နဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပြီး လာမယ့် ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းအတွက် ပထမဆုံးအကြိမ် စတင်ပါဝင်ကစားဖွယ်ရှိပါတယ်။