
ယူနိုက်တက်ကြယ်ပွင့် အန်တိုနီကို ပစ်မှတ်ထားလာတဲ့ လေဗာကူဆင်
လေဗာကူဆင်ဟာ အသင်းမှထွက်ခွာသွားခဲ့တဲ့ ဇာဘီအလွန်ဆိုနေရာမှာ အဲရစ်တန်ဟက်ကို နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပြီးနောက် ယခုအခါမှာတော့ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။
စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ကလည်း အသင်းမှာအငှားစာချုပ်နဲ့ လာရောက်ကစားခဲ့တဲ့ အန်တိုနီကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေပေမယ့် ဘဏ္ဍာရေးအခြေအနေအရ အပြောင်းအရွှေ့ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်ဖို့မရှိပါဘူး။ တကယ်လို့ ဘရာဇီးသားအနေနဲ့ လေဗာကူဆင်သို့ရောက်ရှိလာခဲ့ပါက နည်းပြအဲရစ်တန်ဟက်နဲ့ ၃ ကြိမ်မြောက် ဆက်လက် လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။
နယ်သာလန်လူမျိုးနည်းပြဟာ ၂၀၂၂ ခုနှစ်မှာ အန်တိုနီကို အေဂျက်စ်မှ ပြောင်းရွှေ့ကြေးပေါင် ၈၁ သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ တန်ဟက်ဟာ အိုးလ်ထရက်ဖို့ဒ်သို့မရောက်ခင် အေဂျက်စ်အသင်းကိုကိုင်တွယ်ခဲ့ပြီး အန်တိုနီကို မြေတောင်မြှောက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိလေဗာကူဆင်ရဲ့ အကောင်းဆုံးကစားသမားဖြစ်တဲ့ ဖလော်ရီယန်ဝက်ဇ်က အသင်းကနေ ထွက်ခွာဖို့အလားအလာရှိနေတာကြောင့် တန်ဟက်ဟာ အန်တိုနီနဲ့အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးက ဝစ်ဇ်ကိုခေါ်ယူနိုင်ဖို့ ချိတ်ဆက်နေပြီး ပေါင် ၁၀၉ သန်းနဲ့ကမ်းလှမ်းထားပေမယ့် လေဗာကူဆင်ကတော့ ပေါင်သန်း ၁၂၀ အထိ တောင်းဆိုထားတာဖြစ်ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်မှာရှိစဉ်က ပြိုင်ပွဲစုံ ၉၆ ပွဲအထိကစားခွင့်ရခဲ့ပေမယ့် သွင်းဂိုး ၁၂ ဂိုးသာသွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပိုင်းလည်းတိုးတက်လာခဲ့ခြင်းမရှိလို့ ဘက်တစ်သို့အငှားစာချုပ်နဲ့ပြောင်းရွှေ့ခဲ့ပါတယ်။ စပိန်မြေမှာတော့ ဘရာဇီးသားဟာ ထိပ်တန်းခြေစွမ်းကိုပြန်လည်ပြသနိုင်ခဲ့ပြီး ဥရောပမှာလည်း ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ဘက်တစ်အတွက်ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၂၄ ပွဲမှာ အန်တိုနီဟာ ၉ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဘက်တစ်ပရိသတ်တွေအနေနဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားကို အသင်းမှာဆက်လက်ထားရှိဖို့ ဆန္ဒရှိနေကြသလို၊ ဘက်တစ်ဂန္ထဝင်ကစားသမားဟောင်း ဂျိုကွင်ကလည်း အန်တိုနီကိုအသင်းမှာဆက်ထိန်းဖို့ ပြန်ပေးဆွဲထားမှဖြစ်မယ်လို့ နောက်ပြောင်ခဲ့ပါသေးတယ်။
သို့သော်လည်း ဘက်တစ်အနေနဲ့ အန်တိုနီရဲ့စာချုပ်ဖျက်သိမ်းကြေးကိုသာမက ကုန်ကျစရိတ်အတွက်ပါ ပေးချေနိုင်ဖို့ ဘဏ္ဍာရေးအင်အားတောင့်တင်းမှုမရှိဘူးလို့သိရပါတယ်။ ဘက်တစ်ရဲ့သမိုင်းတစ်လျှောက် တန်ကြေးအကြီးဆုံးကစားသမားမှာ ဒန်နယ်ဆန်ဖြစ်ပြီး ၁၉၉၈ ခုနှစ်က ပေါင် ၂၁.၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးကို ၄-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲအပြီးမှာ အန်တိုနီက "အနာဂတ်မှာဘာတွေဖြစ်လာမလဲမသိသေးပါဘူး။ ဘုရားပဲသိပါလိမ့်မယ်။ ကျွန်တော့်အလုပ်က ဘောလုံးကစားဖို့ဖြစ်ပြီး အခုချိန်မှာ ကျွန်တော်အကောင်းဆုံးလုပ်နေပါတယ်။ ရီးရဲလ်ဘက်တစ်က ကျွန်တော့်အပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့လည်း စာချုပ်ကျန်နေသေးတော့ ဘာတွေဖြစ်လာမလဲ မသိပါဘူး။ အခုချိန်မှာတော့ ကျွန်တော်လက်ရွေးစင်အသင်းနဲ့ပူးပေါင်းသွားမှာဖြစ်ပြီး နွေရာသီအားလပ်ရက်ကိုကုန်ဆုံးသွားပါမယ်။ ကျွန်တော် ဘက်တစ်မှာအရမ်းပျော်တာ လူတိုင်းသိပေမယ့် ယူနိုက်တက်နဲ့စာချုပ်ရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။