မာနူးကိုနေးကို ခေါ်ယူဖို့အတွက် ယူနိုက်တက်နဲ့ အပြိုင်ကြိုးပမ်းလာတဲ့ အာဆင်နယ်
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ အာဆင်နယ်အသင်းဟာ ရိုးမားနဲ့ ပြင်သစ်ကွင်းလယ်လူ မာနူးကိုနေးကို နွေရာသီမှာ ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်ကြိုးပမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ မြောက်အမေရိကမှာ ကျင်းပခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒေးရွှန့်ရဲ့ ပြင်သစ်အသင်း ဆီမီးဖိုင်နယ်အထိ တက်လှမ်းနိုင်အောင် ခံစစ်ကွင်းလယ်နေရာကနေ အဓိက ကူညီပေးခဲ့သူပါ။ မိုက်ကယ်ကားရစ်ဟာ အန်ဒရေးဆန်းတို့စ်နဲ့ တီလီမန်းစ်တို့ကို ခေါ်ယူထားပြီးနောက် ကွင်းလယ်ပိုင်းကို ဆက်လက်အင်အားဖြည့်ဖို့ ပြင်ဆင်နေတာကြောင့် ဇွန်လဆန်းကတည်းက ယူနိုက်တက်ဟာ ကိုနေးနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်သလို ချဲလ်ဆီးအသင်းကလည်း စိတ်ဝင်စားနေတယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ကိုနေးအနေနဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခဲ့ရတာကြောင့် ဩဂုတ်လဆန်းမှသာ အီတလီ ဒါမှမဟုတ် အင်္ဂလန်မှာရှိတဲ့ အသင်းဆီ ရာသီကြိုလေ့ကျင့်ခန်းတွေ ပြန်လာဆင်းနိုင်မှာဖြစ်ပြီး ယူနိုက်တက်ကတော့ ဇူလိုင်လကုန်မှာ အမေရိကန် ခရီးစဉ်ကို စတင်တော့မှာ ဖြစ်ပါတယ်။ ကိုနေးကို အိုးလ်ထရက်ဖို့ဒ်ဆီ ခေါ်ယူဖို့ အစောကတည်းက ကြိုးပမ်းနေတာက ယူနိုက်တက်အတွက် အသာစီးရစေလိမ့်မယ်လို့ ကားရစ်က ယုံကြည်နေပေမဲ့ ပြင်သစ်သတင်းဌာန L'Equipe ရဲ့ အဆိုအရတော့ ၂၀၂၆-၂၇ ရာသီအတွက် အစီအစဉ်ဆွဲနေတဲ့ အာတီတာရဲ့ အာဆင်နယ်အသင်းကလည်း တကယ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဂန်းနားတို့ဟာ လီယန်ဒရို ထရော့ဆက်ကို ရောင်းထုတ်ထားပြီးဖြစ်သလို အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ ခရစ္စတီယန် နော်ဂတ်တို့ရဲ့ အနာဂတ်ကလည်း မသေမချာဖြစ်နေချိန်မှာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ ရိုးမားအသင်းက ကိုနေးအတွက် ပေါင် သန်း ၆၀ ဝန်းကျင် ရရှိရင် ရောင်းချဖို့ လမ်းဖွင့်ထားပါတယ်။