The network connection is lost.

Banner Image

လီဗာပူးနဲ့ သတင်းထွက်ခဲ့ပေမဲ့ ချဲလ်ဆီးကို ဘာကြောင့်ရွေးချယ်ခဲ့လဲဆိုတာ ရှင်းပြလိုက်တဲ့ အလွန်ဆို

ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဆုဖလားဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဟောင်းဆီ ပြန်သွားလိမ့်မယ်လို့ လူပြောများခဲ့တဲ့ စပိန်လူမျိုးနည်းပြဇာဘီအလွန်ဆိုက အချိန်အခါကိုက်ညီမှုကြောင့် ချဲလ်ဆီးကိုသာ ရွေးချယ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

အလွန်ဆိုက ရိုဆင်နီယာရဲ့နေရာကို အစားထိုးဝင်ရောက်လာမယ့်သူအဖြစ် ပြီးခဲ့တဲ့မေလအတွင်း အတည်ပြုခဲ့ပြီး တနင်္လာနေ့မွန်းလွဲပိုင်းမှာတော့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ သူ့ကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတင် ကော့ဘ်ဟမ် လေ့ကျင့်ရေးကွင်းမှာ အသင်းနဲ့အတူ ပထမဆုံးအကြိမ်လေ့ကျင့်ခန်းတွေ စတင်ပြုလုပ်ခဲ့ပါတယ်။

လန်ဒန်ကလပ်နဲ့မပူးပေါင်းခင် အလွန်ဆိုက လီဗာပူးအသင်းကိုကိုင်တွယ်ဖို့ အလွန်ရေပန်းစားခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ကြိုးကြာနီတွေပုံစံကောင်းပြသနိုင်အောင် စွမ်းဆောင်ပေးဖို့ နည်းပြအန်းစလော့ ရုန်းကန်နေရလို့ လီဗာပူးမှာ ကစားသမားဘ၀ငါးနှစ်ကြာဖြတ်သန်းဖူးတဲ့ အလွန်ဆိုအတွက် ရေကန်အသင့်၊ ကြာအသင့် ဖြစ်နေခဲ့ပါတယ်။

အလွန်ဆိုက ဇန်နဝါရီလအတွင်းမှာတင် ကလပ်အသင်းလက်မဲ့ဖြစ်နေခဲ့ပေမဲ့ ချဲလ်ဆီးနဲ့စာချုပ်မချုပ်ခင်အထိ လီဗာပူးနဲ့ဆွေးနွေးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။ ဒါ့အပြင် အန်းစလော့က ချဲလ်ဆီးနည်းပြသစ်တာဝန်အတွက် အလွန်ဆို အတည်ပြုခန့်အပ်ပြီး အတော်လေးကြာမှ လီဗာပူးမှ ထွက်ခွာသွားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ လီဗာပူးက အန်းစလော့ရဲ့နေရာမှာ ဘုန်းမောက်နည်းပြအီရာအိုလာကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

ဘာကြောင့် လီဗာပူးအစား ချဲလ်ဆီးကို ရွေးချယ်ခဲ့တာလဲလို့ BBC Sport က မေးမြန်းရာမှာတော့ "အချိန်အခါကြောင့်ပါပဲ" လို့ အလွန်ဆိုက ဖြေကြားခဲ့ပါတယ်။ 

"ဒီနေ့မှာတော့ ကျွန်တော် စတမ်းဖို့ဒ်ဘရစ်ချ်ကို ပထမဆုံးနေ့အဖြစ် ရောက်နေပြီး ခင်ဗျားတို့နဲ့ စကားပြောနေပါပြီ။ ဒီစိန်ခေါ်မှုကြီးကို ကျွန်တော် တကယ်ရင်ခုန်နေပါတယ်။ ချဲလ်ဆီးက အကြီးကျယ်ဆုံးကလပ်အသင်းတွေအနက် တစ်ခုဖြစ်လို့ ဒီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်" လို့ သူက ဆိုပါတယ်။

အလွန်ဆိုက မကြာခင်မှာ အာရှနဲ့ သမုဒ္ဒရာပိုင်းဒေသဆီ ရာသီကြိုခရီးစဉ် ထွက်ခွာပါလိမ့်မယ်။ အဲဒီနောက်မှာတော့ ပြီးခဲ့တဲ့ရာသီ၊ ယူရိုပါကွန်ဖရန့်လိဂ်ဝင်ခွင့်နေရာကို တစ်မှတ်အကွာနဲ့လွဲချော်ခဲ့တဲ့ ချဲလ်ဆီးနဲ့အတူ  ဥရောပပြိုင်ပွဲတွေမကစားရတဲ့ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းသွားရပါလိမ့်မယ်။

ဒါပေမဲ့ သတင်းမီဒီယာမိတ်ဆက်မှုအခမ်းအနားမှာတော့ အလွန်ဆိုက အသင်းကို ဥရောပပြိုင်ပွဲတွေဆီ ပြန်ရောက်အောင် လုပ်သွားဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒါကတော့ ကျွန်တော်တို့ရဲ့ ပန်းတိုင်တစ်ခုပါပဲ။ ဒါပေမဲ့ အဲဒီပန်းတိုင်ကို ရောက်ဖို့ဆိုရင် မှန်ကန်တဲ့အရာတွေ အများကြီးလုပ်ဆောင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘယ်လိုကစားမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမြင်ချင်လဲဆိုတာတွေက ကျွန်တော့်အလုပ်ပါ။ ဒီအရာတွေ လုပ်သွားဖို့လည်း ကျွန်တော် တကယ်ကို စိတ်အားထက်သန်နေပါတယ်"

"အခုလောလောဆယ် ကစားသမားအစုံအလင် မရှိသေးပေမဲ့ အစပိုင်းအခြေအနေကတော့ အားလုံး အဆင်ပြေနေပါတယ်။ ကျွန်တော်တို့ ထိပ်တန်းအဆင့်မှာ ရှိနေချင်တယ်ဆိုတာ သေချာပါတယ်။ အချိန်ကသာ အဖြေပေးသွားနိုင်မယ်ဆိုပေမဲ့ ချဲလ်ဆီးမှာ အောင်မြင်ချင်တဲ့ စိတ်အားထက်သန်မှုနဲ့ ဆာလောင်မှုတွေ ရှိနေဖို့ လိုအပ်ပါတယ်"လို့ အလွန်ဆိုက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။