The network connection is lost.

Banner Image

စပိန်ဘောလုံးအဖွဲ့ချုပ်ကို ကြိုတင်အသိမပေးဘဲ လက်ရွေးစင်အသင်းမှနုတ်ထွက်ခဲ့တဲ့ ယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ၇ ရက်မှ ၁၀ ရက်အထိအနားယူရမယ့် ဆေးကုသမှုကိုခံယူခဲ့တာကြောင့် ယခုနိုဝင်ဘာလ လက်ရွေးစင်အသင်းမှနုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ 

ဘာစီလိုနာဟာ ယာမယ်လ်ကို လက်ရွေးစင်အသင်းသို့ စေလွှတ်ဖို့လိုအပ်ကြောင်း အပြည့်အဝသိရှိထားပေမယ့် စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အသိပေးခြင်းမရှိဘဲ ကစားသမားကိုအနည်းဆုံး ၁ ပတ်ခန့်အထိအနားယူရနိုင်တဲ့ ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်တစ်ခုကို ခံယူစေခဲ့ပါတယ်။ 

ထို့နောက်မှာတော့ အဆိုပါလုပ်ငန်းစဉ်အကြောင်းကို စပိန်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးမစတင်မီ နာရီပိုင်းအလိုရောက်မှသာ သိရှိခဲ့ရတာဖြစ်ပါတယ်။ အနည်းဆုံး ရက်သတ္တပတ်တစ်ပတ်ခန့်ကြာအနားယူသွားရမယ့်  ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်ကြောင့် ယာမယ်လ်ဟာ စပိန်အသင်းမှနုတ်ထွက်ခဲ့ရပြီး ဂျော်ဂျီယာ၊ တူရကီတို့နဲ့ယှဉ်ပြိုင်သွားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေကို လွဲချော်သွားတော့မှာဖြစ်ပါတယ်။

ယာမယ်လ်နုတ်ထွက်မှုနဲ့ပတ်သက်ပြီး စပိန်ဘောလုံးအဖွဲ့ချုပ်က "အဖွဲ့ချုပ်ရဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများဟာ နိုဝင်ဘာလ ၁၀ ရက်နေ့၊ နေ့လယ် ၁ နာရီ ၄၇ မိနစ်ခန့်ရောက်မှ အသင်းရဲ့ကစားသမား လာမိုင်းယာမယ်လ်တစ်ယောက် ပေါင်ခြံဒဏ်ရာကို သက်သာပျောက်ကင်းစေဖို့ ဆေးကုသမှုခံယူခဲ့ကြောင်းသိရှိခဲ့ရတာကြောင့် အံ့အားသင့်မိကြောင်းနဲ့ ဒဏ်ရာကို စိုးရိမ်ပူပန်မိကြောင်း ဖော်ပြောလိုပါတယ်"

"အဆိုပါ ဆေးဘက်ဆိုင်ရာလုပ်ငန်းစဉ်ကို လက်ရွေးစင်အသင်းရဲ့ဆေးအဖွဲ့ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာမှပေးပို့လာတဲ့ အစီရင်ခံစာအရ ၇ ရက်မှ ၁၀ ရက်အထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကစားသမားရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ထိခိုက်မှုလျော့နည်းစေရေးအတွက် လက်ရှိလူစာရင်းကနေ ယာမယ်လ်ကို နုတ်ထွက်စေဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကစားသမားအနေနဲ့လည်း တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်" လို့ထုတ်ပြန်ခဲ့ပါတယ်။