The network connection is lost.

Banner Image

ပထမဆုံးလူစာရင်း ရွေးချယ်ပြီးနောက် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေကို ထုတ်ဖော်ပြောကြားလာတဲ့ တူချယ်

အင်္ဂလန်နည်းပြအဖြစ် ပထမဆုံးလူစာရင်းကို ရွေးချယ်ခဲ့ပြီးနောက် အငြင်းပွားဖွယ်ဆုံးဖြတ်ချက်တွေရဲ့အကြောင်းပြချက်တွေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အင်္ဂလန်အသင်းရဲ့ခေတ်သစ်တစ်ခုက လာမယ့်အပတ်မှာ စတင်မှာဖြစ်ပြီး ဝင်ဘာလေမှာ လက်ဗီးယား ၊ အယ်လ်ဘေးနီးယားတို့နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

တစ်နှစ်လောက် အင်္ဂလန်အသင်းမှာ မပါဝင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ပြန်လည်ခေါ်ယူခဲ့ပြီးနောက် တူချယ်ရဲ့လူရွေးချယ်မှုကို စောင့်ကြည့်ခဲ့ကြပါတယ်။ တူချယ်ရဲ့လူစာရင်းမှာ အတွေ့အကြုံရှိတဲ့ ဟန်ဒါဆန် ၊ ဝေါ်လ်ကာတို့ ပါဝင်လာခဲ့ပေမယ့် ခြေစွမ်းကောင်းတွေပြနေတဲ့ နော်တင်ဟမ်စတား ၂ ဦးဖြစ်တဲ့ ဂစ်ဝှိုက် နဲ့ အန်ဒါဆန်တို့တော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရနေတဲ့ ဟော ၊ လုခ်ရှော ၊ ဆာကာ ၊ မက်ဂွါရီ ၊ ဂရီးလစ်ချ်တို့လည်း လွဲချော်ခဲ့ကြပါတယ်။ အာဆင်နယ်အသင်းစတား စကယ်လီတော့ ပါဝင်လာခဲ့ပေမယ့် နွမ်နီရီတော့ မပါဝင်ခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၂၄ အပြီးမှာ အနားယူခဲ့တဲ့ ဟန်ဒါဆန်ပြန်လည်ပါဝင်လာတဲ့ ရွေးချယ်မှုက အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။  “ဂျော်ဒန်က အောင်မြင်မှုတွေရယူထားနိုင်တဲ့သူပါ။ သူက အေဂျက်အသင်းခေါင်းဆောင်ဖြစ်သလို ပွဲအများကြီးကန်ထားပြီးဖြစ်ကာ သူ့ကိုရွေးချယ်လို့ရနိုင်ပါတယ်။ သူက အသင်းတိုင်းကို ခေါင်းဆောင်မှု ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အတွေ့အကြုံတွေယူဆောင်လာနိုင်ပါတယ်။ လူတိုင်းရဲ့အဆင့်အတန်းကိုလည်း တိုးမြှင့်လာစေသလို သူက အရာအားလုံးပေးနိုင်ပါတယ်။ ကျွန်တော်တို့ ပရိသတ်တွေအတွက် အသင်းတစ်သင်းတည်ဆောက်ပေးဖို့ ကြိုးစားနေတာပါ။ ဂျော်ဒန်က ကျွန်တော်တို့ လိုချင်တဲ့ကစားသမားမျိုးဖြစ်သလို သူကလည်း ဒီအသင်းမှာပါဝင်ချင်ပါတယ်။

မားကပ်စ်ကလည်း ရင်းနှီးပြီးသားမျက်နှာပါ။ ဒါပေမယ့် မတူညီတဲ့အခြေအနေတွေရှိနေပါတယ်။ ကျွန်တော် သူဗီလာမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ အရန်ခုံကနေလည်း ကြီးမားတဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။သူ့ရဲ့အကျိုးသက်ရောက်မှုက အထင်ကြီးစရာပါ။ ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုက အထင်ကြီးစရာဖြစ်သလို အရေးလည်းပါပါတယ်။ အဲ့အချက်တွေကြောင့် သူ့အနေနဲ့ အသင်းမှာပါဝင်သင့်တယ်လို့ ခံစားရပြီး ကျွန်တော် ပြန်လည်ခေါ်ယူခဲ့တာပါ။ ဒီအစုအဖွဲ့က သူ့ကို လက်ရှိအဆင့်အတန်းမှာရှိနေအောင် တွန်းအားပေးနိုင်ပါလိမ့်မယ်”လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့အတူ ဘယ်နောက်ခံလူနေရာခြေစွမ်းပြနေတဲ့ စကယ်လီလည်း တူချယ်ရဲ့ရွေးချယ်မှုမှာ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ပါတယ်။ အသက် ၁၈ နှစ်သားဟာ အာတီတာလက်အောက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် တူချယ်က အခွင့်အရေးပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ဒဏ်ရာပြဿနာတွေကြောင့် ဘယ်နောက်ခံလူနေရာက ရွေးချယ်ရခက်ခဲခဲ့ပါတယ်။ မိုင်လီက အာဆင်နယ်မှာ ပုံမှန်နေရာရနေသလို စွမ်းဆောင်ရည်ကောင်းတွေလည်းပြသထားနိုင်ပါတယ်။  သူ့အတွက် စီနီယာကစားသမားဘဝက စောနေသေးပေမယ့် သူသေချာလေးလုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”လို့ တူချယ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။