
ခြေစွမ်းပြနေတဲ့ ရီးရဲလ်စတားဟောင်းကို အပြီးသတ်ဝယ်ယူဖို့ ဗီလာကို တိုက်တွန်းနေတဲ့ အမ်မရီ
ဗီလာအသင်းနည်းပြ အမ်မရီက ပီအက်စ်ဂျီကနေအငှားလာကစားပြီး ခြေစွမ်းပြနေတဲ့ အဆန်စီရိုကို အပြီးသတ်ဝယ်ယူဖို့ ဗီလာအသင်းတာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ နည်းပြ အင်းနရစ်လက်အောက်မှာ နေရာမရတာကြောင့် အဆန်စီရိုဟာ ဇန်နဝါရီတုန်းက ဗီလာအသင်းထံ အငှားထွက်ကစားခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်စတားဟောင်း ဗီလာမှာ အလျင်အမြန်အထိုင်ကျကာ ၁၀ ပွဲအတွင်း ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို မနေ့ညက ဘရိုက်တန်ကို ၃-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်း ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဆန်စီရိုရဲ့စာချုပ်ထဲမှာ အပြီးသတ်ခေါ်ယူခွင့်မပါဝင်ပေမယ့် သတင်းတွေအရ အမ်မရီဟာ အားကစားဒါရိုက်တာ မွန်ချီကို အပြီးသတ်ခေါ်ယူဖို့ အရာအားလုံးလုပ်ဆောင်ရန် တိုက်တွန်းထားတယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်သားဟာ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁၃ သန်းသာရှိနေတာကြောင့် ဗီလာအတွက် ခက်ခဲဖွယ်မရှိတာဖြစ်ပါတယ်။ လာမယ့် ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာတော့ အငှားစာချုပ်ကြောင့် အဆန်စီရိုအနေနဲ့ ပါဝင်လာဖွယ်မရှိတာဖြစ်ပါတယ်။ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်မတိုင်ခင် ဗီလာအသင်းဟာ အဆင့် ၃ နေရာက နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။