လာမယ့်ဘောလုံးရာသီအတွက် အစီအစဉ်တွေထဲမှာ ကြယ်ပွင့်တစ်ဦးကို မထည့်သွင်းထားဘူးလို့ မော်ရင်ဟိုအသိပေး
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြသစ်မော်ရင်ဟိုက သူ့ရဲ့နောက်ခံလူတစ်ဦးကို လာမယ့်ဘောလုံးရာသီအတွက် အသင်းရဲ့အစီအစဉ်တွေမှာ မပါဝင်တော့ဘူးလို့ အသိပေးလိုက်ပါတယ်။
အဲဒီကစားသမားကတော့ အဆန်စီယို ဖြစ်ပါတယ်။
အဆန်စီယိုရဲ့အနာဂတ်က မက်ဒရစ်မှာ အချိန်အတော်ကြာ မရေမရာ ဖြစ်နေခဲ့ပါတယ်။ ကိုနာတေးရောက်ရှိလာမှု၊ ရူဒီဂါစာချုပ်သက်တမ်းတိုးမြှင့်မှုတို့ကြောင့် အသက်-၂၃ နှစ်အွရယ်ကစားသမားအတွက် ဟူဂျ်ဆန်၊ မီလီတာအိုတို့လို နောက်ခံလူတွေအကြားမှာ နေရာပျောက်ဆုံးသွားပါတယ်။
အဆန်စီယိုကတော့ အသင်းမှာပဲ ဆက်နေပြီး နည်းပြသစ်လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ကြိုးစားချင်နေပါတယ်။ ဒါပေမဲ့ စပိန်မီဒီယာတွေရဲ့အဆိုအရ သူ့ကို အသင်းမှ ထွက်ခွာစေဖို့ ဆုံးဖြတ်ပြီးပြီလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်သတင်းထောက် ဆာဂျီယိုဗယ်လင်တိုင်းက "မော်ရင်ဟိုက အဆန်စီယိုနဲ့ စကားပြောခဲ့ပြီး သူ့ကို အသင်းရဲ့အစီအစဉ်ထဲမှာ ထည့်မတွက်ထားဘူးလို့ ပြောလိုက်ပါတယ်။ အဆန်စီယိုကတော့ ဆက်နေချင်ပါတယ်။ ဒါပေမဲ့ ကလပ်နဲ့ အေးဂျင့်ဂျော့ခ်ျမန်ဒက်စ်တို့ကတော့ သူနဲ့ကိုက်ညီမယ့် အသင်းသစ်တစ်ခုဆီ ပြောင်းရွှေ့နိုင်ဖို့ လုပ်ဆောင်နေကြပါပြီ" လို့ ဖော်ပြထားပါတယ်။
မော်ရင်ဟိုက အခုနွေရာသီမကုန်ခင် ခံစစ်ပိုင်းအတွက် ကစားသမားသစ်တစ်ဦး ထပ်မံခေါ်ယူချင်နေလို့ အဆန်စီယိုကို လက်လွှတ်ဖို့ ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။