The network connection is lost.

Banner Image

တော့တင်ဟမ်ယူရိုပါလိဂ်ချန်ပီယံဖြစ်လာတဲ့အပေါ် တုံ့ပြန်လာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက တော့တင်ဟမ်အသင်း ယူရိုပါလိဂ်ချန်ပီယံဖြစ်လာတဲ့အပေါ် တုံ့ပြန်လိုက်ပါတယ်။ တော့တင်ဟမ်ဟာ ယူရိုပါလိဂ်ဖိုင်နယ်မှာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ယူပြီး ၁၇ နှစ်အတွင်း ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၅ နှစ် အက်ဖ်အေဖလားရပြီးကတည်းက ဖလားလက်မဲ့ဖြစ်နေတာဖြစ်ပြီး ယခင်တုန်းက ကွန်မြူနတီဖလား ၂ ကြိမ်သာရယူထားနိုင်ခဲ့ပါတယ်။

တော့တင်ဟမ်အနေနဲ့ ယူရိုပါလိဂ်ရရှိခဲ့တာကြောင့် လက်ရှိမှာမြို့ခံပြိုင်ဘက် အာဆင်နယ်ထက် ဥရောပဖလားအရေအတွက် ပိုများလာခဲ့တာဖြစ်ပါတယ်။ကြာသပတေးနေ့က သတင်းစာရှင်းပွဲမှာ အာတီတာက “ကျွန်တော် သူ့ကိုဂုဏ်ပြုပေးချင်ပါတယ်။ သူတို့ ချန်ပီယံပါ။ ခင်ဗျားအဲ့တာကိုရချင်တယ်ဆိုရင် မှန်ကန်တဲ့အရာတွေကို လုပ်ရပါမယ်။

သူတို့ရာသီတစ်လျှောက်လုံး အခက်အခဲအများကြီးကျော်ဖြတ်လာခဲ့ရပါတယ်။ အဲ့တာက အဆုံးသတ်မှာ လှပတဲ့အခိုက်အတန့်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ကို ဂုဏ်ပြုပေးချင်ပါတယ်။ ဒါက အားကစားဖြစ်ပြီး သူတို့အောင်မြင်မှုရဖို့ အရာအားလုံးလုပ်ဆောင်ခဲ့ပါတယ်။ ပြီးတော့ အခုတော့ သူတို့အရမ်းပျော်နေပါပြီ”လို့ အာတီတာက ဖြေကြားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ  ဒီရာသီပရီးမီးယားလိဂ်မှာ ရုန်းကန်နေရပြီး လက်ကျန် ၁ ပွဲကန်ဖို့အလိုမှာ အဆင့် ၁၇ နေရာမှာရပ်တည်နေပါတယ်။ အာဆင်နယ်ကတော့ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး တော့တင်ဟမ်နဲ့ ၁၅ ဆင့်လောက်ကွာဟနေပါတယ်။ အာတီတာက ယူရိုပါလိဂ်ဖိုင်နယ်မတိုင်ခင် “ကျွန်တော် အခြားအသင်းတွေနဲ့နှိုင်းယှဉ်ရတာကို မကြိုက်ပါဘူး။ ကျွန်တော့်အသင်းကို ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ် အဲ့တာက ကျွန်တော့်အလုပ်ပါ။ ယေဘုယျအားဖြင့် ကျွန်တော်တို့ အနားယူဖို့ လိုအပ်ပါတယ်။

အဲ့နောက် အသင်းအခြေအနေကို သေချာလေးပြန်လည်ပြင်ဆင်ရပါမယ်။ ပြန်လာချိန်မှာလည်း စိတ်ခွန်အားအပြည့် စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်ရပါမယ်။ လာမယ့်ရာသီသစ်အတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ကျွန်တော် အနည်းငယ်အနားယူပြီး စိတ်အေးအေးထားကာ သေချာတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရပါမယ်။

နွေရာသီအတွက်တော့ အားကစားဒါရိုက်တာ ဘာတာက သေချာလေးလုပ်ဆောင်နေပါတယ်။ သူ့အတွေ့အကြုံအရ တော်တော်များများလုပ်ပြထားပြီးပါပြီ။ အသင်းတွေကို သူတည်ဆောက်တဲ့နည်းလမ်းက တကယ့်ကိုထိပ်တန်းအဆင့်ပါ။ ကျွန်တော်တို့အားလုံး အတူတူမျှဝေကြပါတယ်။ အန်ဒရေရဲ့စိတ်ကူးတွေက အသင်းကိုမောင်းနှင်ရာမှာ အဓိကအချက်ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အားလုံး သူ့ကိုထောက်ပံ့ပေးဖို့ရှိနေပါတယ်”လို့ အာတီတာက ထပ်လောင်းပြောကြားခဲ့ပါတယ်။