
ပရီးမီးယားလိဂ် ချန်ပီယံဆုအကြောင်း သုံးသပ်လိုက်တဲ့ ဂျင်မီ ကာရေဂါ
ဂန်နာတို့ဟာ ၂၀၂၅-၂၆ ရာသီရဲ့ ပွဲစဉ် ၇ ပွဲ ကစားပြီးချိန်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေပြီး ရာသီအစကို ကောင်းကောင်းလေး စတင်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လွန်ခဲ့တဲ့ သုံးရာသီဆက်တိုက် ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပေမယ့် ဂယ်ရီ နဗီးလ် အပါအဝင် ဘောလုံးသုံးသပ်သူအများအပြားကတော့ သူတို့ ဒီတစ်ကြိမ်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။
ဒါပေမဲ့ ကာရေဂါကတော့ လက်ရှိမှာ မီခေးလ် အာတီတာရဲ့ အသင်းနဲ့ တစ်မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ သူ့ရဲ့အသင်းဟောင်း လီဗာပူးကပဲ ဒီရာသီမှာ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်ရောက်လာနိုင်သေးတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူးဟာ အင်္ဂလန်ရဲ့ လက်ရှိချန်ပီယံဖြစ်ပြီး ကာရေဂါက မန်စီးတီးကိုလည်း လျှော့တွက်လို့ မရသေးဘူးလို့ ခံစားနေရပါတယ်။
"အာဆင်နယ်ကို တားဆီးနိုင်မယ့် တစ်ခုတည်းသောအရာကတော့ အတိတ်က တခြားအသင်းတွေကို တားဆီးခဲ့တဲ့ အရာပါပဲ"
"ခင်ဗျားတို့ မတ်လ၊ ဧပြီလလောက်ရောက်လာတဲ့အခါမှာ ဆုဖလားကို အရမ်းလိုချင်လာကြတယ်။ ပရိသတ်တွေကလည်း အရမ်းကို လိုချင်နေကြပြီ။ အခုလက်ရှိအချိန်မှာတော့ လီဗာပူးက သူတို့ရဲ့ ပုံစံမှန် မရသေးပါဘူး"
"အာဆင်နယ်က အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ သူတို့က အခုချိန်မှာ လီဗာပူးထက် ပိုကောင်းနေပုံရတယ်။ လီဗာပူးကတော့ ကစားသမားသစ်တွေနဲ့ အထိုင်ကျဖို့ လအနည်းငယ်လောက် အချိန်ယူရနိုင်ပါတယ်"
"သူတို့ ပြန်လာကြမှာပါ။ ကျွန်တော်ထင်တယ်၊ အရင်က ယူနိုက်တက် လုပ်ခဲ့သလိုပေါ့၊ အဲလက်စ် ဖာဂူဆန် ပြောလေ့ရှိသလို ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက်မှာ ဦးဆောင်သူနဲ့ သုံးလေးမှတ်ပဲ ကွာနေမယ်ဆိုရင်" လို့ ကာရေဂါက Stick to Football ပေါ့ဒ်ကတ်စ်မှာ ပြောကြားခဲ့ပါတယ်။
ထိုအချိန်မှာ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်တဲ့ ယူနိုက်တက်နောက်ခံလူဟောင်း နဗီးလ်က ဝင်ပြောခဲ့ရာမှာ "အထူးသဖြင့် ချန်ပီယံမဖြစ်ဖူးသေးတဲ့ အသင်းမျိုးနဲ့ဆို ပိုမှန်တာပေါ့" လို့ ဆိုခဲ့ပါတယ်။
"အတိအကျပဲ" လို့ ကာရေဂါက ထပ်လောင်းပြောခဲ့ပါတယ်။ "ဖေဖော်ဝါရီလောက်မှာ ၅ မှတ်၊ ၆ မှတ်လောက်ပဲ နောက်ကောက်ကျနေမယ်ဆိုရင် ကျွန်တော်ထင်တယ် လီဗာပူးက ပိုကောင်းလာမှာပါ"
"တစ်မျိုးပြောရရင် သူတို့ရထားတဲ့ ရမှတ်တွေက သူတို့ရဲ့ ခြေစွမ်းနဲ့ မထိုက်တန်ဘူးလို့တောင် ကျွန်တော်ထင်ပါတယ်"
"ခရစ္စမတ်မတိုင်ခင်မှာ သူတို့ မထင်မှတ်ဘဲ အမှတ်လျော့မယ့် အချိန်တွေ ရှိလာဦးမှာပါ"
"ဒါပေမဲ့ အာဆင်နယ်လည်း အမှတ်တွေ လျော့မှာပဲ။ ဒါက ဘောလုံးပဲလေ။ လီဗာပူးနဲ့ မန်စီးတီးတို့သာ ဖာဂူဆန်ရဲ့ ယူနိုက်တက် လုပ်ခဲ့သလိုမျိုး လုပ်နိုင်ခဲ့ရင် သူတို့ ချန်ပီယံဖြစ်နိုင်ပါတယ်" လို့ ဆိုပါတယ်။
လီဗာပူးအသင်းဟာ လတ်တလော ရက်သတ္တပတ်တွေမှာ ခြေစွမ်းဆိုးရွားနေပြီး ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် အဖွင့် ၅ ပွဲဆက်တိုက် အနိုင်ရခဲ့ပေမယ့် ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ချဲလ်ဆီးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပါတယ်။
အာနီ စလော့ရဲ့ အသင်းဟာ ချန်ပီယံလိဂ်မှာလည်း တူရကီကလပ် ဂါလာတာစာရေးကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ လီဗာပူးဟာ အောက်တိုဘာလ ၁၉ ရက်နေ့မှာ အဓိကပြိုင်ဘက် ယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အာဆင်နယ်ကတော့ တစ်ရက်စောပြီး ဖူလ်ဟမ်ကွင်းကို အဝေးကွင်း သွားရောက်ကစားရမှာ ဖြစ်ပါတယ်။