
ယော်ကရက်စ်တစ်ယောက် အာဆင်နယ်မှာအသားကျဖို့ အချိန်ယူရမယ်လို့ပြောကြားလိုက်တဲ့ ဝဲလ်ကော့
အာဆင်နယ်တိုက်စစ်ကြယ်ပွင့်ဟောင်း သီအိုဝဲလ်ကော့က ယခုနွေရာသီမှာ စပို့တင်းမှ အသင်းသို့ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူးသစ် ဗစ်တာယော်ကရက်စ်အနေနဲ့ အာဆင်နယ်မှာအသားကျဖို့ အချိန်ယူရဦးမယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယော်ကရက်စ်ဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကိုအနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အာဆင်နယ်အတွက် စတင်ပွဲထွက်ကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းပြသဖို့ရုန်းကန်ခဲ့ရပြီး သွင်းဂိုးလည်း မရရှိခဲ့ပါဘူး။ ဆွီဒင်လက်ရွေးစင်ဟာ ပွဲကစားချိန် ၆၀ မိနစ်မှာ ကိုင်ဟားဗတ်ဇ်နဲ့လူစားလဲခံခဲ့ရပြီး ပွဲဦးထွက်မှာ သူ့ရဲ့အရည်အသွေးကိုပြသနိုင်မယ့်အခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။
ယခုအခါမှာ သီအိုဝဲလ်ကော့က "ဘယ်ကစားသမားအတွက်မဆို အသင်းသစ်အတွက်ပထမဆုံးပွဲကို အိုးလ်ထရက်ဖို့ဒ်မှာသွားကစားရတာ လွယ်မှာမဟုတ်ပါဘူး။ ယော်ကရက်စ်ရဲ့ခြေစွမ်းအစစ်အမှန်ကိုမြင်တွေ့ရဖို့ ၃-၄ ပွဲလောက်အထိ စောင့်ကြည့်ရပါမယ်။ ယူနိုက်တက်နဲ့ပွဲမှာ သူ့အနေနဲ့ အသင်းနဲ့အံဝင်ခွင်ကျဖြစ်ဖို့ အတော်လေးရုန်းကန်ခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲခံစားခဲ့ရပါတယ်"
"အဲဒီပွဲမှာ သူအခွင့်အရေးမရခဲ့တာလည်းပါပါတယ်။ ဒါပေမယ့် အာဆင်နယ်ကတော့ သူ့အလုပ်သူလုပ်နိုင်ခဲ့ပါတယ်။ အဝေးကွင်းမှာ ၀-၁ နဲ့ဦးဆောင်ထားပြီးရင် အနိုင်ရလဒ်ကို ထိန်းသိမ်းဖို့လိုပါတယ်။ အထူးသဖြင့် အခုလိုရာသီအစမှာ အမှတ်ပြည့်ရဖို့က အရေးကြီးဆုံးပါပဲ။ ယော်ကရက်စ်အနေနဲ့တော့ အခုထက်ပိုကောင်းလာဖို့ဆိုရင် ပွဲတွေအများကြီးကစားရဖို့လိုပါတယ်။ ဒီပွဲမှာသူ တစ်ယောက်တည်းကစားသလိုဖြစ်နေတာတော့ မြင်တွေ့ခဲ့ရပါတယ်။ ဆာကာ၊ မာတင်နယ်လီတို့နဲ့ အတွဲမမိသေးပါဘူး။ ဒါပေမယ့် သူတို့တွေ ချိတ်ဆက်မိသွားရင်တော့ ဘာတွေဖြစ်လာမလဲတွေးကြည့်ပေါ့" လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အနေနဲ့ ငွေကြေးအမြောက်အမြားအကုန်ကျခံပြီး ယော်ကရက်စ်ကိုခေါ်ယူခဲ့တာဖြစ်ပေမယ့် ကစားသမားကို စိတ်ရှည်ရှည်နဲ့ အချိန်ပေးသွားဖို့တော့ လိုအပ်နေပါသေးတယ်။ ဆွီဒင်လက်ရွေးစင်ဟာလည်း လိဂ်အသစ်၊ အသင်းဖော်သစ်တွေနဲ့ အသားကျဖို့ ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။ ယော်ကရက်စ်အနေနဲ့ ပေါ်တူဂီလိဂ်မှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်မျိုးကို ပြန်လည်ရရှိပါက အာဆင်နယ်ဟာ မန်ချက်စတာစီးတီး၊ လီဗာပူး၊ ချဲလ်ဆီးတို့နဲ့အပြိုင် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်သွားနိုင်မှာဖြစ်ပါတယ်။
အသင်းရဲ့တိုက်စစ်ပိုင်းကစားသမားတွေဖြစ်တဲ့ ကိုင်ဟားဗတ်ဇ်နဲ့ ဂါဘရီရယ်ဂျီးဆပ်တို့က ဒဏ်ရာပြဿနာတွေကြုံတွေ့ထားရတာကြောင့် လာမယ့် လိဒ်နဲ့ပွဲစဉ်မှာလည်း အာဆင်နယ်ဟာ ယော်ကရက်စ်ကိုပဲ ဆက်လက်ပွဲထုတ်လာဖွယ်ရှိပါတယ်။