The network connection is lost.

Banner Image

ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်မဲခွဲမှုရလဒ်အတွက် ကျေနပ်အားရနေတဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ချန်ပီယံလိဂ်၊ ၁၆-သင်းရှုံးထွက်အဆင့်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို စောင့်မျှော်နေကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ အန်းစလော့ရဲ့အသင်းက အခုရာသီ၊ အသွင်သစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် နောက်တစ်ဆင့်မှာ ပြင်သစ်ချန်ပီယံတွေနဲ့ ရင်ဆိုင်ရမယ့်အရေးကိစ္စကိုတော့ မရှောင်လွှဲနိုင်ခဲ့ပါဘူး။ လီဗာပူးအသင်းက လာမယ့်လ၊ ပြင်သစ်မြေမှာ ပထမအကျော့ယှဉ်ပြိုင်ကစားပြီးနောက် ဒုတိယအကျော့ကို အိမ်ကွင်းအန်ဖီးလ်မှာ ဧည့်ခံကစားရပါမယ်။ ဒီနှစ်သင်းရဲ့ပထမအကျော့ပွဲစဉ်ကို မတ် ၄-၅ ရက်၊ ဒုတိယအကျော့ပွဲစဉ်ကို မတ် ၁၁-၁၂ ရက်တွေမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

အခုမဲခွဲမှုရလဒ်နဲ့ပတ်သက်လို့ ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အန်းစလော့က “ပြိုင်ပွဲရဲ့ အခုလိုအဆင့်မျိုးမှာ ပြိုင်ဘက်ရဲ့အရည်အသွေးက အရမ်းမြင့်မားလာပါလိမ့်မယ်။ ပီအက်စ်ဂျီလို အထင်ကြီးလောက်စရာ ဥရောပအဆင့်နောက်ခံသမိုင်းရှိနေတဲ့ ပြိုင်ဘက်နဲ့ ကျွန်တော်တို့ ရင်ဆိုင်သွားရပါမယ်။ သူတို့တွေက အခုသီတင်းပတ်အစောပိုင်းမှာပဲ ဘရက်စ်ကို ပြတ်ပြတ်သားသားအနိုင်ယူပြီး ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ သူတို့တွေက စတုဂတ်၊ မန်စီးတီး၊ ဂျီရိုနာနဲ့ ဆဲလ်ဘတ်တို့ကို အနိုင်ယူပြီး လိဂ်ပုံစံအုပ်စုအဆင့်မှာ တကယ်ကောင်းမွန်လှတဲ့ရလဒ်တွေ ရရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက လိဂ်ပုံစံအုပ်စုအဆင့်ရဲ့အမှတ်ပေးဇယားအဆင့်-၁၅ နေရာမှာ ရပ်တည်ခဲ့ပြီးနောက် ၁၆-သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့အတွက် တစ်နိုင်ငံတည်းသားပြိုင်ဘက်ဖြစ်တဲ့ ဘရက်စ်ကို ရှုံးထွက်ပလေးအော့ဖ်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ် ၁၀-၀ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ လာမယ့်လအတွင်း ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုမှာ အနိုင်ရရှိမယ့်ကလပ်အသင်းက ကွာတားဖိုင်နယ်အဆင့်မှာ အက်စတွန်ဗီလာ (သို့မဟုတ်) ဘရုဂျက်နဲ့ ရင်ဆိုင်သွားရပါမယ်။

အန်းစလော့က “ကျွန်တော်တို့လိုပါပဲ၊ သူတို့တွေက ပြင်သစ်ပြည်တွင်းလိဂ်မှာ ရှုံးပွဲမရှိဖြတ်သန်းရင်း အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ဒီအရာတွေက ကျွန်တော်တို့ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုတွေကို ကျွန်တော်တို့ကိုယ်တိုင် သိထားဖို့လိုအပ်တယ်ဆိုတာကို ပြောပြပေးနေပါတယ်။ ဒါပေမယ့် ဒီအချက်ကလည်း ကျွန်တော်တို့စောင့်မျှော်သွားရမယ့် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း နောက်ဆုံး ၁၆-သင်းအဆင့်ဆီ တက်ရောက်ဖို့ အပြည့်အဝထိုက်တန်မှုရှိတယ်ဆိုတာကို သိထားပါတယ်။

ဒါပေါ့၊ လောလောဆယ်ကျွန်တော်တို့ရဲ့အဓိကအာရုံစိုက်ထားမှုက တနင်္ဂနွေနေ့မှာ မန်စီးတီးနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲပြန်လည်စတင်ချိန်မှာ ကျွန်တော်တို့တွေ တက်နိုင်သမျှအကောင်းဆုံးပုံစံမှာ ရှိနေဖို့အတွက် သေသေချာချာလေး လုပ်ဆောင်သွားရပါလိမ့်မယ်”လို့ ပြောပါတယ်။