ဆဲလ်ဘတ်နောက်ခံလူကို ခေါ်ယူဖို့ ဒေါ့မွန် သဘောတူညီမှု ရရှိ
ဘိုရုရှားဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ အိုလီဘွတ်ခ်ဟာ ဂျိုးန်ဂါဒူးကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်လို့ ဒါဟာ သူတာဝန်ယူပြီးနောက်ပိုင်း ပထမဆုံးအသစ်ခေါ်ယူတဲ့ ကစားသမား ဖြစ်လာတော့မှာပါ။
အသက် ၁၉ နှစ်အရွယ် ဗဟိုနောက်ခံလူကို ခေါ်ယူဖို့အတွက် ရက်ဘူးလ်ဆဲလ်ဘတ်အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပြီး ဂါဒူးဟာ အသင်းနဲ့ ရေရှည်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။
ကလပ်အသင်းနှစ်သင်းကြား ညှိနှိုင်းမှုတွေဟာ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်ကာ ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ အပြင် အပိုဆုကြေး (add-ons) ယူရို ၆ သန်းအထိ ပါဝင်မယ့် အစီအစဉ်ကို ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
ပြင်သစ်လူငယ်လက်ရွေးစင်ကစားသမားဖြစ်တဲ့ ဂါဒူးကို ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာဟောင်း ဆီဘက်စတီယန်ကေးလ် လက်ထက်ကတည်းက စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်မှာ ပီအက်စ်ဂျီ (PSG) အကယ်ဒမီကနေ ထွက်ခွာလာပြီးနောက်ပိုင်း သူဟာ ဆဲလ်ဘတ်အသင်းအတွက် ဥရောပပြိုင်ပွဲတွေအပါအဝင် စုစုပေါင်း ၃၃ ပွဲအထိ ပါဝင်ကစားပေးထားပါတယ်။