
ဘက်တစ်ထံပြန်နိုင်ဖို့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိ စောင့်ဆိုင်းမယ့် ယူနိုက်တက်စတား
ယူနိုက်တက်တောင်ပံကစားသမား အန်တိုနီတစ်ယောက် ဘက်တစ်အသင်းထံပြန်နိုင်ဖို့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ ဘက်တစ်အသင်းဘက်ကလည်း ဘရာဇီးသားအတွက် ကျောနံပတ် ၇ ကို ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒီပို့တီဗို့သတင်းဌာနရဲ့အဆိုအရ အန်တိုနီဟာ ဘက်တစ်တစ်သင်းတည်းကိုသာ ပြောင်းရွှေ့ချင်ကြောင်း ယူနိုက်တက်ထံပြောကြားထားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအခြေအနေကြောင့် အန်တိုနီအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင်အထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။
ဘက်တစ်အသင်းဘက်ကလည်း သူတို့စတားဟောင်းရဲ့ကျောနံပတ် ၇ ကို ချန်လှပ်ထားတယ်လို့ သိရပြီး ပြီးခဲ့တဲ့ရာသီတုန်းက အန်တိုနီဟာ ဘက်တစ်အသင်းထံအငှားထွက်ကစားခဲ့ကာ ၁၄ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အန်တိုနီအတွက် ယူနိုက်တက်အသင်းဘက်က ပေါင် ၃၄ သန်းလောက်အလိုရှိနေပြီး ဘက်တစ်ဘက်က အဆိုပါပမာဏမျိုးမပေးနိုင်ဖြစ်နေပါတယ်။
အပြီးသတ်ခေါ်ယူမယ့်အစား ဘက်တစ်ဘက်က ဘဏ္ဍာရေးဆိုင်ရာအခြေအနေကြောင့် အငှားနဲ့သာ ခေါ်ယူချင်နေပါတယ်။ ဘရာဇီးသားကို ဘင်ဖီကာ နဲ့ ဆော်ဒီကလပ်တွေက ချိတ်ဆက်နေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘက်တစ်အသင်းအတွက်သာ ကစားပေးချင်နေပါတယ်။
ယူနိုက်တက် နဲ့ အန်တိုနီတို့ကြားထဲမှာလည်း အခြေအနေတွေက တင်းမာနေတာဖြစ်ပြီး ပရိသတ်တွေကပါ အလျင်အမြန်ရောင်းထုတ်စေချင်နေပါတယ်။အပြောင်းအရွှေ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပိတ်သိမ်းမှာဖြစ်ပြီး တကယ်လို့ဘက်တစ်အသင်းထံ မပြောင်းဖြစ်ခဲ့ရင် အန်တိုနီအနေနဲ့ ဆော်ဒီမြေကိုပြောင်းဖွယ်ရှိနေပါတယ်။