The network connection is lost.

Banner Image

ယူနိုက်တက်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိတဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ ယခုနွေရာသီအတွင်း အသင်းကနေ အငှားနဲ့ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားပေမယ့် ယခုအခါမှာတော့ အေးဂျင့်ဖြစ်သူက ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။

စနေနေ့က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ယူနိုက်တက်ဟာ အန်တိုနီကို ခေါ်ယူမယ့်  အသင်းအနေနဲ့ ကစားသမားရဲ့ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းကို ပေးချေဖို့ သဘောတူညီမယ်ဆိုရင် အငှားနဲ့ထွက်ခွာခွင့်ပြုသွားမယ်လို့ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ဘရာဇီးသားရဲ့ အေးဂျင့် ဂျူနီယာပက်ဒရိုဆိုကတော့ ကစားသမားဟာ ယခုနွေရာသီမှာ ယူနိုက်တက်မှထွက်ခွာဖို့ ရည်ရွယ်ချက်မရှိဘူးလို့ဆိုလာခဲ့ပါတယ်။

အန်တိုနီဟာ ၂၀၂၂ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်စ်မှ ယူနိုက်တက်သို့ မတန်မဆဈေးနှုန်း ပေါင် ၈၅ သန်းနဲ့ စတင်ရောက်ရှိလာခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ မျှော်လင့်ထားသလောက် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ အန်တိုနီဟာ ၂ ရာသီဆက်တိုက် ရုန်းကန်ခဲ့ရပေမယ့် မကြာသေးမီကတော့ ယူနိုက်တက်မန်နေဂျာ အဲရစ်တန်ဟက်က ကစားသမားအပေါ် ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုထားပါတယ်။

ယခုအခါမှာ ကစားသမားရဲ့အေးဂျင့် ပက်ဒရိုဆိုက “အန်တိုနီနဲ့ပတ်သက်ပြီး အငှားနဲ့ထွက်ခွာဖို့ ဖြစ်နိုင်ချေရှိတဲ့ သတင်းတွေကို ကျွန်တော်တွေ့ပါတယ်။ ဒါပေမယ့် ကစားသမားရဲ့အစီအစဉ်က ရှင်းလင်းပါတယ်။ သူဟာ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်နေချင်ပါတယ်။ သူ့က အသင်းအပေါ်မှာပဲ အာရုံစိုက်ထားတာပါ။ ဒါကို ကျွန်တော်တို့ ကလပ်နဲ့ပြောထားပြီးသားပါ”လို့ပြောကြားခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပထမဆုံးခြေစမ်းပွဲ ၂ ပွဲကို လွဲချော်ခဲ့တဲ့ အန်တိုနီဟာ အမေရိကန်သို့ထွက်ခွာသွားမယ့် ယူနိုက်တက်ရဲ့လူစာရင်းမှာတော့ ပါဝင်သွားမှာဖြစ်ပါတယ်။ အမေရိကန် ရာသီကြိုခြေစမ်းခရီးစဉ်မှာယူနိုက်တက်ဟာ အာဆင်နယ်၊ ရီးရဲလ်ဘက်တစ်၊ လီဗာပူးတို့နဲ့ ဆက်တိုက်ကစားသွားမှာဖြစ်ပါတယ်။