The network connection is lost.

Banner Image

ချဲလ်ဆီးကို ဂိုးပြတ်အနိုင်ရရှိမှုအပေါ် အားရကျေနပ်နေတဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရှင် ရှုစတာ

ဘရန့်ဖို့ဒ်နောက်ခံလူရှုစတာက ချဲလ်ဆီးကို ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ သောကြာနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အပေါ် အလွန်အားရကျေနပ်မိတယ်လို့ ပြောပါတယ်။
 
နည်းပြကိတ်အန်ဒရူးစ်ရဲ့အသင်းဟာ အလွန်ဆိုရဲ့ချဲလ်ဆီးကို အပြတ်အသတ်ချေမှုန်းနိုင်ခဲ့ပြီး Gtech ကွင်းမှာ အမှတ်ရစရာနိုင်ပွဲတစ်ခုကို ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။
 
ဂျေဒန်အန်တိုနီ၊ အီဂေါသီယာဂိုနဲ့ ဖေဘီယိုကာဗယ်လ်ဟိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အသင်းအတွက် အဖိုးတန်အနိုင်သုံးမှတ် ဖြစ်ပေါ်လာခဲ့ပြီး ဘရန့်ဖို့ဒ်ကို အမှတ်ပေးဇယားတတိယနေရာအထိ ပို့ဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ခံစစ်ပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့သလို အန်တိုနီရဲ့အဖွင့်ဂိုးအတွက်ပါ ဖန်တီးပေးနိုင်ခဲ့တဲ့ ရှုစတာလည်း ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။
 
ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အသက် ၂၀ နှစ်အရွယ်ကစားသမားက " ကျွန်တော့်အမြင်အရ ဒုတိယပိုင်းစတင်ချိန်မှာ ကျွန်တော်တို့အသင်း တိုက်စစ်ဖွင့်ကစားလာသလို ပြိုင်ဘက်ကိုလည်း ထိုးဖောက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း သွင်းဂိုးတွေပါ ရရှိခဲ့လို့ အရမ်းပျော်ရွှင်မိပါတယ်" လို့ ပြောပါတယ်။
 
ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုရရှိမှုနဲ့ ပတ်သက်လို့ ရှုစတာက "ကျွန်တော့်ရဲ့ တစ်ဦးချင်းစွမ်းဆောင်ရည်ကို သိပ်ပြီး အလေးမထားပါဘူး။ အသင်းကို ကူညီပေးနိုင်ဖို့၊ clean sheet ထိန်းသိမ်းနိုင်ဖို့နဲ့ သုံးမှတ်အပြည့်ရရှိဖို့ပဲ လိုလားပါတယ်။ နောင်ပွဲစဉ်တွေမှာလည်း ပွဲကစားချိန်တွေ ပိုမိုရရှိလာဖို့ မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။
 
အန်တိုနီရဲ့အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့မှုနဲ့ စပ်လျဉ်းလို့ သူက " အခြားသူတွေကတော့ အလွတ်တည်ကန်ဘောတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ဆီမှာ အလားအလာကောင်းတွေ ရှိတယ်လို့ အမြဲပြောလေ့ရှိပါတယ်။ အခုထိတော့ ရလဒ်ကောင်းတွေ သိပ်မတွေ့ရသေးပါဘူး။ နောက်တစ်ကြိမ်မှာတော့ ကျွန်တော်ကိုယ်တိုင် ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ဆိုပါတယ်။