The network connection is lost.

Banner Image

မတန်မဆဈေးနှုန်းနဲ့ ဝယ်ယူထားခဲ့တဲ့ ယူနိုက်တက်ကစားသမား ၅ ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ရက်ကလစ်ဖ်

မန်ချက်စတာယူနိုက်တက်ရဲ့ တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က မကြာသေးမီ နွေရာသီအပြောင်းအရွှေ့တွေမှာ အသင်းမှ မတန်မဆဈေးနှုန်းနဲ့ ဝယ်ယူထားခဲ့တဲ့ ကစားသမား ၅ ဦးရဲ့အမည်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ယူနိုက်တက်ရဲ့ ရှယ်ယာအများစုကို ဝယ်ယူပြီး ကလပ်ရဲ့အဓိကပိုင်ရှင်ဖြစ်လာခဲ့တဲ့ ရက်ကလစ်ဖ်ဟာ ဂလေဇာမိသားစုရဲ့ကိုယ်စား အသင်းရဲ့ကဏ္ဍပေါင်းစုံမှာ တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ယူနိုက်တက်ရဲ့ မှားယွင်းတဲ့ကစားသမားခေါ်ယူမှုကို ရက်ကလစ်ဖ်က ထောက်ပြလာခဲ့ပြီး ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကိုတော့ ကာကွယ်ပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ ရက်ကလစ်ဖ်ကယူနိုက်တက်ဟာ အန်တိုနီ၊ ရက်စ်မွတ်စ်ဟွိုက်လန်း၊ အန်ဒရေအိုနာနာ၊ ဂျေဒန်ဆန်ချိုနဲ့ ကတ်စ်မဲရိုးတို့ကို မတန်မဆဈေးနှုန်းနဲ့ခေါ်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ယူနိုက်တက်ဟာ ဟွိုက်လန်းအတွက် ပေါင် ၇၂ သန်း၊ အိုနာနာအတွက် ပေါင် ၄၇ သန်း၊ ဆန်ချိုအတွက် ပေါင် ၇၃ သန်းအထိ ကုန်ကျခဲ့သလို ကတ်စ်မဲရိုးအတွက် ပေါင်သန်း ၇၀ နဲ့ အန်တိုနီအတွက် ပေါင် ၈၆ သန်းအထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။ 

ဘီဘီစီအားကစားသတင်းဌာနသို့ ရက်ကလစ်ဖ်က "ကျွန်တော်တို့ အန်တိုနီ၊ ကတ်စ်မဲရိုး၊ အိုနာနာ၊ ဟွိုက်လန်းနဲ့ ဆန်ချိုတို့ကို တန်ကြေးမြင့်မြင့်မားမားပေးပြီးခေါ်ယူခဲ့ပါတယ်။ ဒါက အတိတ်မှာခေါ်ယူထားခဲ့တဲ့ ကစားသမားတွေပါ။ လာမယ့်နွေရာသီမှာတော့ ဒီလိုခေါ်ယူမှုမျိုးတွေ ထပ်မကြုံရဖို့ ကြိုးစားသွားပါမယ်။ အခု ချဲလ်ဆီးအတွက်ကစားနေတဲ့ ဆန်ချိုအတွက် လစာတစ်ဝက်ကို ကျွန်တော်တို့ကပေးချေနေရပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရက်ကလစ်ဖ်ဖော်ပြခဲ့တဲ့ ကစားသမား ၅ ဦးစလုံးဟာ မကြာသေးမီကာလတွေမှာ ဘောလုံးဝေဖန်သုံးသပ်သူတွေနဲ့ ပရိသတ်တွေရဲ့ ဝေဖန်အပြစ်တင်မှုကို ခံထားရသူတွေဖြစ်ပါတယ်။ အတ္တလန္တာမှ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူး ဟွိုက်လန်းဟာ ယခုရာသီမှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ပွဲကစားထားရာမှာ ၂ ဂိုးသာသွင်းယူနိုင်သေးတာဖြစ်ပါတယ်။ 

အင်တာမီလန်မှခေါ်ယူထားခဲ့ပြီး ဒီဂီယာနေရာမှာ အစားဝင်ခဲ့တဲ့ အိုနာနာကလည်း မကြာခဏအမှားတွေကျူးလွန်နေတာကြောင့် ပရိသတ်ဝေဖန်မှုတွေနဲ့ မကြာခဏ ကြုံတွေ့ထားခဲ့ပါတယ်။ ဘရာဇီးသားအန်တိုနီကတော့ ခြေစွမ်းလုံးဝမပြသနိုင်တာကြောင့် စပိန်ကလပ် ရီးရဲလ်ဘက်တစ်သို့ အငှားစာချုပ်နဲ့ ထွက်ခွာသွားခဲ့ရတာဖြစ်ပါတယ်။ ဆန်ချိုကတော့ ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက ချဲလ်ဆီးသို့ အငှားနဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ 

ဒါ့အပြင် ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးကလည်း ဝေဖန်မှုတွေကြုံတွေ့ထားရပြီး မကြာသေးမီကပင် လီဗာပူးဂန္ထဝင် ကာရောဂါက ဘရာဇီးသားအနေနဲ့ မေဂျာလိဂ်၊ ဒါမှမဟုတ် ဆော်ဒီပရိုလိဂ်မှာ သွားကစားသင့်တယ်လို့ ပြောကြားထားတာဖြစ်ပါတယ်။ ရက်ကလစ်ဖ်က "အနာဂတ်မှာ နေရာကောင်းကောင်းရဖို့ ကျွန်တော်တို့ အတိတ်တွေကို ရှင်းလင်းပစ်ဖို့လိုပါတယ်။ အချို့ကစားသမားတွေက လုံလောက်တဲ့စွမ်းဆောင်ရည်မရှိသလို၊ အချို့ကတော့ မတန်မဆဈေးနှုန်းတွေနဲ့ ပေးဝယ်ခဲ့ရပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့မှာ အပြည့်အဝ တာဝန်ရှိပါတယ်။ ဒါပေမယ့် လူစာရင်းထဲမှာ အားကိုးရတဲ့ကစားသမားတွေလည်း ရှိနေပါသေးတယ်။ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ယုံကြည်စိတ်ချရတဲ့ကစားသမားပါ။ ကျွန်တော်တို့ ဘရူနိုကို သေချာပေါက်လိုအပ်ပါတယ်။ သူက အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ" လို့ပြောကြားခဲ့ပါတယ်။