The network connection is lost.

Banner Image

ဘီလ်ဘာအိုကို အနိုင်ရရှိခဲ့တဲ့ပွဲက ရီးရဲလ်မက်ဒရစ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီက ယနေနံနက် ဘီလ်ဘာအိုအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အသင်းရဲ့ စိတ်ဓာတ်နဲ့ ဒုတိယပိုင်းစွမ်းဆောင်ရည်ကောင်းမွန်မှုကို ချီးကျူးခဲ့ပါတယ်။  ဒီပွဲဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းအတွက် အရေးပါတဲ့ နိုင်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။

ဗယ်လ်ဗာဒီရဲ့ နောက်ကျဂိုးက ဘာနေဗြူးကွင်းမှာ အရေးပါတဲ့ သုံးမှတ်ကို ရယူပေးခဲ့တာဖြစ်ပြီး လက်ရှိချန်ပီယံတွေအနေနဲ့ လာလီဂါဖလားလုပွဲမှာ အမှတ်မဆုံးရှုံးစေဖို့ ကာကွယ်နိုင်ခဲ့ပါတယ်။  အဆိုပါပွဲအနိုင်ရလဒ်ကြောင့် ရီးရဲလ်မက်ဒရစ်အသင်းဟာ ၆၉ မှတ်ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဦးဆောင်သူ ဘာစီလိုနာအသင်းနဲ့ ၄ မှတ်အကွာမှာ ရှိနေပါတယ်။ ပွဲအပြီး သတင်းထောက်တွေကို အန်ဆယ်လော့တီက ဗယ်လ်ဗာဒီရဲ့ဂိုးရဲ့ အရေးပါပုံကို အလေးပေးပြောကြားခဲ့ပါတယ်။ 

အန်ဆယ်လော့တီက"ဗယ်လ်ဗာဒီက အဓိကကျပါတယ်။ ဘာလို့လဲဆိုတော့ သူက အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ပါ။ အသင်းက ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နည်းနည်းတော့ နှေးကွေးခဲ့တယ်၊ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အရာရာမှာ အရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရပြီးတဲ့နောက် ပြန်လည်ရုန်းထွက်ချင်ခဲ့တာပါ။ ဒါက ကောင်းမွန်တဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးလည်းမပေးခဲ့ရဘူး။ အသင်းတစ်သင်းအနေနဲ့ ပိုပြီးခိုင်မာခဲ့ပြီး ပိုကောင်းတဲ့ကစားကွက်ကို ကစားနိုင်ခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

အန်ဆယ်လော့တီက ဂျူဒ်ဘယ်လ်လင်ဟမ်ကို ဒုတိယပိုင်းမှာ False 9 တိုက်စစ်မှူးအဖြစ် ကစားစေခဲ့တာနဲ့ပတ်သက်ပြီး ထိရောက်မှုရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။  "ပထမပိုင်းမှာ ကျွန်တော်တို့က ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။ အက်သလက်တစ်အသင်းဆီက ဖိအားတွေ ဘာမှမခံခဲ့ရဘူး၊ ဒါပေမဲ့ အခွင့်အရေးတွေတော့ မဖန်တီးနိုင်ခဲ့ဘူး။ (ဘယ်လ်လင်ဟမ်ကို False Nine အဖြစ်ကစားစေတာက) ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့ကို အများကြီးအကျိုးရှိစေခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ကျွန်တော်တို့ အသုံးမပြုခဲ့ဘူး။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ အသုံးချခဲ့တယ်။ အပြင်ဘက်ကနေ အခွင့်အရေးတွေအများကြီး ဖန်တီးခဲ့ပြီး သူက အဆုံးသတ်ပေးနိုင်ခဲ့တယ်။ သူက သွင်းဂိုးနဲ့ထိုက်တန်ပါတယ်" လို့ အန်ဆယ်လော့တီက ပြောပါတယ်။