
အာမက်ဒီယာလို ရာသီမကုန်ဆုံးမီ ပြန်လာနိုင်ဖွယ်ရှိကြောင်း အာမိုရင် ဖွင့်ဟလာ
ယူနိုက်တက်နည်းပြ ရူဘင် အာမိုရင်က အသင်းရဲ့ တောင်ပံကစားသမား အာမက်ဒီယာလိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး၊ ရာသီ မကုန်ဆုံးခင် ကွင်းထဲ ပြန်လာနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ ဒီသတင်းဟာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ ဒီရာသီမှာ ပရိသတ်တွေအတွက် အလင်းရောင်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အာမက် ဒီယာလိုဟာ လွန်ခဲ့တဲ့လက လေ့ကျင့်ခန်း တစ်ခုမှာ ခြေချင်းဝတ် အရွတ်စုတ်ပြဲဒဏ်ရာ ရရှိခဲ့ပြီး၊ ခွဲစိတ်ကုသမှု ခံယူခဲ့ရတာကြောင့် ပွဲကစားခွင့် ဆုံးရှုံးခဲ့ရပါတယ်။ ဒီဒဏ်ရာဟာ ယူနိုက်တက်အတွက် ကြီးမားတဲ့ ထိခိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ အိုင်ဗရီကို့စ် လက်ရွေးစင် ကစားသမားဟာ အာမိုရင် နည်းပြအဖြစ် ရောက်ရှိလာပြီးနောက် အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အဓိက အခန်းကဏ္ဍတစ်ခုကို ထမ်းဆောင်နေပြီး၊ ဒီရာသီမှာ ၆ ဂိုး သွင်းယူထားခဲ့တာကြောင့်ပါ။
“အာမက်ကို နောက်ဆုံးလမှာ ကျွန်တော်တို့ တွေ့မြင်ရပါလိမ့်မယ်” လို့ အာမိုရင်က အိုလ်ထရက်ဖို့ဒ် မှာ တနင်္ဂနွေနေ့မှာ ကစားမယ့် အာဆင်နယ် နဲ့ အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်ခင် ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘာမှ အတိအကျ မပြောချင်သေးပါဘူး၊ ဒါပေမယ့် ရာသီမကုန်ဆုံးခင် အာမက်ကို ပြန်ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက် ရှိပါတယ်” လို့ သူက ဆက်ပြောခဲ့ပါတယ်။
အာမိုရင်က အခြားဒဏ်ရာရထားတဲ့ ကစားသမားတွေရဲ့ နောက်ဆုံးအခြေအနေကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မေဆင်မောင့်ဟာ ဒီဇင်ဘာလလယ် မှာ မန်ချက်စတာ ဒါဘီပွဲစဉ်ကတည်းက ဒဏ်ရာရခဲ့ပေမယ့်၊ အခုတော့ ပြန်ကစားနိုင်ဖို့ နီးစပ်နေပါပြီ။ မိုင်နူး၊ ဟယ်ရီမက်ဂွါရီ ၊ မန်နူရယ်ယူဂါတီနဲ့ လုခ် ရှော တို့လည်း ပြန်လာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် လီဆန်ဒရို မာတီနက်ဇ်ကတော့ ရာသီကုန်ထိ ပွဲထွက်နိုင်တော့မှာ မဟုတ်တဲ့ ရေရှည် ဒဏ်ရာရထားသူအဖြစ် ဆက်ရှိနေပါတယ်။