The network connection is lost.

Banner Image

ဆိုစီဒက်ကို ၁၀ ယောက်တည်းနဲ့ အနိုင်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရနေတဲ့ အလွန်ဆို

ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက ဆိုစီဒက်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ခွန်အားနဲ့ စည်းလုံးညီညွတ်မှုကို ချီးကျူးခဲ့ပါတယ်။ 

ရီးရဲလ်ဟာ ပထမပိုင်းမှာ နောက်ခံလူ ဒင်းဟူဂျ်ဆန် အနီကတ်ပြခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ကီလီယန်အမ်ဘာပေနဲ့ အာဒါဂူလာတို့ရဲ့ သွင်းဂိုးတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက ခြေစွမ်းပြ အနိုင်ရခဲ့တာဖြစ်ပါတယ်။အလွန်ဆိုက ဟူဆန်ကို ထုတ်ပယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး သဘောမတူခဲ့ပါဘူး။ 

အလွန်ဆိုက "ကျွန်တော့်အမြင်အရတော့ အဝါကတ်ဖြစ်သင့်တယ်၊ မီလီတာအို အနီးမှာရှိနေတယ်၊ ဘောလုံးကလည်း ထိန်းချုပ်လို့မရဘူး။ ပြန်ကြည့်လိုက်တော့ ကျွန်တော့်သဘောထားမပြောင်းလဲပါဘူး" လို့ ပြောခဲ့ပါတယ်။ အခက်အခဲတွေရှိခဲ့ပေမဲ့ အနိုင်ကစားခဲ့တဲ့ အသင်းရဲ့စိတ်ဓာတ်ကို ချီးကျူးခဲ့ပါတယ်။

 "အသင်းက ဘယ်လိုစွမ်းဆောင်ရည်ပြရမလဲဆိုတာသိခဲ့တယ်၊ သူတို့က အနစ်နာခံခဲ့ကြတယ်။ အန်နိုတာမှာအနိုင်ရရှိဖို့က အမြဲတမ်းခက်ခဲပါတယ်၊ ဒီနေ့မှာဆိုရင် ပိုတောင်ခက်ခဲခဲ့သေးတယ်" လို့ အလွန်ဆိုက ဆိုပါတယ်။ ဒီပွဲဟာ မက်ဒရစ်အသင်းအတွက် ၂၀၁၉ ခုနှစ် မတ်လနောက်ပိုင်း ပင်နယ်တီပေးခဲ့ရပြီး ကစားသမားတစ်ဦးအနီကတ်ပြခံရပြီးမှ အနိုင်ရရှိခဲ့တဲ့ ပထမဆုံးပွဲစဉ်လည်းဖြစ်ပါတယ်။  အလွန်ဆိုက ရလဒ်ကောင်းတွေရနေပေမဲ့ ဆက်လက်တိုးတက်ဖို့လိုအပ်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ 

"ကျွန်တော်တို့ပျော်ရွှင်ပါတယ်၊ ဒါပေမဲ့ ဘာမှသေချာတယ်လို့ ယူဆလို့မရပါဘူး။ တိုးတက်စရာတွေအများကြီးရှိပါသေးတယ်။ ကျွန်တော်တို့က ဆက်လက်တည်ဆောက်သွားရပါမယ်" လို့ အလွန်ဆိုက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက လိဂ်မှာ ၄ ပွဲဆက်အနိုင်ရရှိထားတာကြောင့် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာဆက်လက်ရပ်တည်နေပြီး အလွန်ဆိုရဲ့အသင်းကတော့ အခက်အခဲတွေကြားထဲမှာ နည်းဗျူဟာပိုင်းဆိုင်ရာစည်းကမ်းနဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုပြသနိုင်ခဲ့ပါတယ်။