
လီဗာပူးရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုနဲ့ပတ်သက်လို့ မတူညီတဲ့ရှုထောင့်အမြင်တစ်ခုကို ချပြလာတဲ့ အလီဆင်
အလီဆင်ဘက်ကာက လီဗာပူးအသင်းအနေဖြင့် ကစားသမားရှစ်ဦးဝင်ရောက်ကာ ခုနစ်ဦးထွက်ခွာသွားတဲ့ နွေရာသီအပြောင်းအရွှေ့လှုပ်ရှားမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းရာမှာ စိန်ခေါ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေရဲ့ သရဖူကာကွယ်ရေးခရီးစဉ်စတင်မှုအဖြစ် ဘုန်းမောက်ကို ၄-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်ရဲ့ပွဲထွက်လူစာရင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ ဖရင်းပေါင်၊ ကာကက်ဇ်၊ ဖလော်ရီယန်ဝစ်ဇ်နဲ့ ဟူဂိုအီကီတီကီတို့ကို မြင်တွေ့ခဲ့ရပါတယ်။
ဘုန်းမောက်ကို အကြိတ်အနယ်ကစားကာ အနိုင်ယူခဲ့တဲ့ သောကြာနေ့ပွဲစဉ်အပြီး အလီဆင်က အစောပိုင်းအဆင့်တွေမှာတင် စွမ်းဆောင်ရည်ပိုင်းအပေါ် ဆန်းစစ်ဝေဖန်မယ်ဆိုရင် အလှည့်အပြောင်းတွေရဲ့အဆင့်အတန်းပမာဏကို အလွယ်တကူလျစ်လျူမရှုသင့်ဘူးလို့ ယုံကြည်နေပါတယ်။
NBC သတင်းဌာနနဲ့တွေ့ဆုံချိန် အလီဆင်က “ ဒါက ခက်ခဲလွန်းတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်း ကြုံတွေ့ခဲ့ရတဲ့အပြောင်းအလဲတွေအကြောင်း လူအများစုက မပြောကြပါဘူး။ ကစားသမားသစ်တွေရောက်ရှိလာတာနဲ့အမျှ ကျွန်တော်တို့အသင်း ဘယ်လောက်အထိကောင်းလာနိုင်သလဲ ဆိုတာကိုပဲ လူတိုင်းပြောနေကြပါတယ်။ ဒါပေမဲ့ ဒီလိုအပြောင်းအလဲတွေရဲ့စိန်ခေါ်မှုအကြောင်းကိုတော့ ဘယ်သူမှ မပြောကြပါဘူး။ ဒါက ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ကျွန်တော်တို့က နည်းပြအပြောင်းအလဲရဲ့စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အချင်းချင်းသိနားလည်နေတဲ့ ကစားသမားတွေ ဆက်ရှိနေခဲ့ပြီး တူညီတဲ့ကစားပုံကိုပဲ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ခဲ့ပါတယ်။
နည်းပြကလည်း သူလုပ်ခဲ့တဲ့အရာတွေမှာ စမတ်ကျကျလုပ်ဆောင်ခဲ့သလို ဆန်းသစ်တီထွင်မှုတွေကိုလည်း ထပ်မံပေါင်းထည့်ခဲ့လို့ ကျွန်တော်တို့အတွက် နားလည်ရလွယ်ကူစေခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ ကစားသမားသစ်တွေရောက်ရှိလာမှုနဲ့အတူ အပြောင်းအလဲတွေ အများကြီးရှိလာနေပါပြီ။ ဒီနေ့မှာဆိုရင်လည်း ကျွန်တော်တို့အတွက် အလွန်အရေးပါလှတဲ့ ဂရာဗန်ဘတ်ချ် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အားလုံးက အံ့အားသင့်လောက်စရာကောင်းအောင် ကောင်းကောင်းကစားခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဖရင်းပေါင်၊ ဖလော်ရီယန်ဝစ်ဇ်၊ ဟူဂိုအီကီတီကီတို့က ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်မြည်းစမ်းခွင့် ရရှိခဲ့ပါတယ်။ ဒီနေရာမှာ ကိုယ်ကာယအသုံးပြုမှု အနည်းငယ်ကွာခြားသလို ပြိုင်ဆိုင်မှုလည်း ပြင်းထန်လွန်းပါတယ်။ဒါပေမယ့် သူတို့တွေက ဒီနေ့မှာ အံ့အားသင့်လောက်စရာကောင်းအောင် ကစားပြခဲ့ပါတယ်။ အမှန်ပါပဲ၊ ကျွန်တော်တို့ရဲ့အကူအညီတွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့တွေက လီဗာပူးအသင်းစံနှုန်းနဲ့ကိုက်ညီမယ့် အရည်အသွေးမျိုးကို ချပြနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ချန်ပီယံတွေက လာမယ့်သြဂုတ် ၂၅ ရက်၊ စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်နဲ့ ရင်ဆိုင်ကစားရပါမယ်။