The network connection is lost.

Banner Image

စပိန်သားကိုခေါ်ယူနိုင်တော့မယ့် စီးရီးအေကလပ် ကိုမို

စီးရီးအေကလပ် ကိုမိုအသင်းဟာ အေစီမီလန်စတား မိုရာတာကိုခေါ်ယူနိုင်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာ အေစီမီလန် ၊ ဂါလာတာစာရေး ၊ ကိုမိုတို့ကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ အေစီမီလန်ဟာ မိုရာတာရဲ့အငှားစာချုပ်ကိုဖျက်သိမ်းဖို့ ယူရို ၃ သန်းပေးချေဖို့ သဘောတူညီခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် ကိုမိုအသင်းနဲ့အပြောင်းအရွှေ့က အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကာ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ်နဲ့ ပြန်လည်ပေါင်းဆုံနိုင်တော့မှာဖြစ်ပါတယ်။

စာချုပ်ထဲမှာ ကိုမိုအသင်းဟာ မီလန်အသင်းထံ ယူရို ၁၀ သန်းပေးချေမှုလည်း ပါဝင်တယ်လို့ သိရပါတယ်။အပြောင်းအရွှေ့က ဂါလာတာစာရေးဘက်က မိုရာတာအငှားစာချုပ်အတွက် ယူရို ၆ သန်းတောင်းဆိုနေတာကြောင့် ကြာမြင့်နေတာဖြစ်ပါတယ်။ မိုရာတာဟာ အေစီမီလန်ထံ ၂၀၂၄ ဇူလိုင်လတုန်းက တီကိုအသင်းထံကနေ ပေါင် ၁၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ၂၅ ပွဲမှာ ၆ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့နောက် ဇန်နဝါရီမှာ ဂါလာတာစာရေးအသင်းထံ အငှားနဲ့ထွက်ခွာခဲ့ပြီး ၁၆ ပွဲမှာ ၇ ဂိုးသွင်း ၊ ၃ ဂိုးဖန်တီးနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။

မိုရာတာတစ်ယောက် ကိုမိုအသင်းထံပြောင်းရွှေ့တာက ဖာဘရီဂတ်စ်နဲ့ရင်းနှီးတာကြောင့် ပါဝင်နေပါတယ်။ မိုရာတာရဲ့ကလပ်အသင်းအနာဂတ်က ဖြေရှင်းပြီးသွားပေမယ့် နိုင်ငံအသင်းကစားသမားဘဝက မသေချာသေးတာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့တဲ့နေးရှင်းလိဂ်ဖိုင်နယ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် သူ့အနေနဲ့ စပိန်အသင်းမှာ ပြန်လည်ရွေးချယ်ခံရဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆနေပါတယ်။ မိုရာတာဟာ အပြောင်းအရွှေ့ပြီးမြောက်တာနဲ့ ကိုမိုအသင်းထံ ချက်ချင်းပြောင်းရွှေ့လာမှာဖြစ်ပြီး ဘာစီလိုနာနဲ့ ဂမ်ပါဖလားပွဲမှာ ပွဲဦးထွက်ပါဝင်လာဖွယ်ရှိနေပါတယ်။

စပိန်သားရောက်လာတာကြောင့် ကိုမိုအသင်းတိုက်စစ်က ပိုထက်မြက်လာဖွယ်ရှိနေပြီး လာမယ့်ရာသီဥရောပပြိုင်ပွဲဝင်ခွင့်ရရှိဖို့ ပစ်မှတ်ထားနေပါတယ်။ မီလန်ကတော့ တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ဂါလာတာစာရေးအသင်းကလည်း မိုရာတာနေရာမှာ အိုဆီမင်နဲ့ အစားထိုးဖို့ ပြင်ဆင်နေပါတယ်။