လီဗာပူးနဲ့ စာချုပ်အခြေအနေကို မက်အယ်လစ္စတာရဲ့ဖခင်ဖြစ်သူ ရှင်းပြ
လီဗာပူးအသင်းမှာ ကွင်းလယ်ကစားသမားမက်အယ်လစ္စတာရဲ့ စာချုပ်အခြေအနေနဲ့ ပတ်သက်လို့ သူ့ရဲ့ဖခင်ဖြစ်သူက ရှင်းလင်းပြောကြားလိုက်ပါတယ်။
အန်းဖီးလ်မှာ အသက် ၂၇ နှစ်အရွယ်ကစားသမားရဲ့စာချုပ်က ၂၀၂၈ ခုနှစ် နွေရာသီမှာ သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လီဗာပူးအသင်းက သူ့ကို ရောင်းထုတ်ဖို့ လမ်းဖွင့်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဒါပေမဲ့လည်း မက်အယ်လစ္စတာက နည်းပြသစ်အီရာအိုလာရဲ့လက်အောက်မှာ အဓိက ကစားသမားအဖြစ် ဆက်လက်ရှိနေပြီး ဒီရာသီ ၁၆ ပွဲ ကစားပြီးချိန်မှာ ၅ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ပေးထားပါတယ်။
ESPN နဲ့တွေ့ဆုံချိန် လီဗာပူးကြယ်ပွင့်ရဲ့ဖခင်ဖြစ်သူ ကားလို့စ်မက်အယ်လစ္စတာက ကလပ်အသင်းမှာ အာဂျင်တီးနားလက်ရွေးစင်ကစားသမား ကြုံတွေ့နေရတဲ့ အခြေအနေကို ရှင်းပြခဲ့ပါတယ်။
ကားလို့စ်က "သူ့ရဲ့စာချုပ်သက်တမ်းက အခုထိ လ ၂၀ လောက် ကျန်ရှိနေပါသေးတယ်။ လီဗာပူးရဲ့အားကစားဒါရိုက်တာလည်း ပြောင်းလဲသွားသလို နည်းပြလည်း ပြောင်းလဲသွားခဲ့ပါပြီ။ အခြေအနေကို ပြန်လည်သုံးသပ်နေဆဲဖြစ်ပြီး ဒီနှစ်မကုန်ခင်မှာ သတင်းတစ်ခုခု ထွက်ပေါ်လာနိုင်ပါတယ်" လို့ ပြောပါတယ်။
"စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို ကျွန်တော်တို့ မစတင်ရသေးပါဘူး။ အရာအားလုံး အဆင်ပြေသွားရင်တော့ သူ စာချုပ်သက်တမ်းတိုးသွားပါလိမ့်မယ်။ အဆင်မပြေရင်လည်း ကိစ္စမရှိပါဘူး။ တခြားကစားသမားတွေလိုပဲ သူ့လမ်းသူ လျှောက်သွားပါလိမ့်မယ်"
"သူက ကိုပါအမေရိကဖလားနဲ့ ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့ဖူးသလို ပြီးခဲ့တဲ့ကမ္ဘာ့ဖလား မှာလည်း ဒုတိယဆု ရရှိခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အပြေးလွှားဆုံး အာဂျင်တီးနား ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်"
"သူ့ရဲ့ကစားသမားဘဝကို ထိပ်တန်းအဆင့်မြင့်ကလပ်အသင်းတွေဆီ ရောက်ရှိစေမယ့် မှတ်တမ်းကောင်းတွေနဲ့ အောင်မြင်မှုတွေ အများကြီး သူ့ဆီမှာ ရှိထားပြီးသားပါ"
"လီဗာပူးအတွက် ကစားနေပြီး ဒီလို အဆင့်အတန်းမျိုးကို ဆက်လက်ထိန်းသိမ်းထားချင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ခင်ဗျားကစားနိုင်မယ့် အသင်းခြောက်ခု ဒါမှမဟုတ် ခုနစ်ခုလောက်ပဲ ရှိတယ်ဆိုတာကို ခင်ဗျားတို့လည်း သိထားကြပါလိမ့်မယ်" လို့ ဆိုပါတယ်။