The network connection is lost.

Banner Image

လီဗာပူးမှာ နေရာပြောင်းလဲကစားပြီးနောက် အဓိကပံ့ပိုးကူညီပေးမှုတွေအတွက် ကလော့ပ်ကို ဖလော်ရီယန်ဝစ်ဇ် ကျေးဇူးတင်

လာမယ့်ဥရောပနေးရှင်းလိဂ်ပွဲစဉ်တွေမှာ ဂျာမနီနည်းပြယာဂန်ကလော့ပ်ရဲ့ လက်အောက် အဓိကအခန်းကဏ္ဍမှ ပါဝင်ကစားခွင့်ရဖို့ လီဗာပူးကြယ်ပွင့်ဖလော်ရီယန်ဝစ်ဇ် မျှော်လင့်နေပါတယ်။

ဆောင်းဦးပေါက်ကာလလေးပွဲအတွင်း ငါးမှတ်သာ ရှာဖွေနိုင်ခဲ့လို့ ကလော့ပ်က သူ့ရဲ့ လက်ရွေးစင်နည်းပြဘဝအစကို အသံတိတ်ပုံစံမျိုးနဲ့ စတင်ခဲ့ရပါတယ်။

ဆာဘီးယားကို အိမ်ကွင်းမှာ အနိုင်ရရှိခဲ့တဲ့ ကလော့ပ်လက်ထက် ဂျာမနီရဲ့ တစ်ပွဲတည်းသော နိုင်ပွဲမှာ ဖလော်ရီယန်ဝစ်ဇ်လည်း ဂိုးသွင်းယူနိုင်ခဲ့ပြီး အခုတော့ နယ်သာလန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားဖို့ပဲ ကျန်ရှိပါတော့တယ်။

ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လီဗာပူးရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပြီးနောက် လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိလာတဲ့ ဖလော်ရီယန်ဝစ်ဇ်က ကလော့ပ်ရဲ့အခန်းကဏ္ဍကြောင့် ကလပ်အသင်းနဲ့ နိုင်ငံ့လက်ရွေးစင်အသင်းနှစ်ခုလုံးမှာ သူ့အတွက် အထောက်အကူဖြစ်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖလော်ရီယန်ဝစ်ဇ်က "ပွဲပြီးတိုင်းမှာ ကလော့ပ်က စာတိုလေးတွေ ပို့ပေးလေ့ရှိပါတယ်။ အခြေအနေတွေ ကောင်းမွန်ရင် ဂုဏ်ပြုစကား ပြောသလို အခြေအနေ မကောင်းခဲ့ရင်လည်း ကျွန်တော့်ကို ညွှန်ကြားပြသလေ့ရှိပြီး ဒါကိုလည်း ကျွန်တော် တန်ဖိုးထားမိပါတယ်"

"လက်ရွေးစင်နည်းပြတစ်ဦးအဖြစ် သူ့ရဲ့အချိန်တွေကို ဖဲ့ပေးပြီး ကိုယ့်ရဲ့ကလပ်ပွဲစဉ်တွေကိုပါ လာကြည့်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ သူကိုယ်တိုင် အခုလို စိတ်ဝင်တစား ရှိပေးလို့ပဲ ကျွန်တော် ဝမ်းသာမိပါတယ်" 

"ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်အပြီး သူ ကျွန်တော့်ကို ဂုဏ်ပြုခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကော်ငးကောင်းကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ဂိုးသွင်းယူနိုင်တာ သို့မဟုတ် ဂိုးဖန်တီးပေးနိုင်တယ်ဆိုတာ စိတ်ဓါတ်ခွန်အား ပိုမိုရရှိစေပါတယ်"

"အခုဆိုရင် ကျွန်တော် ကွင်းလယ်ဗဟိုဘက်ကို နည်းနည်း ပိုရောက်အောင် ကစားနေရပြီး အဲဒီနေရာမှတစ်ဆင့် ရှေ့ကို တက်လှမ်းကစားပါတယ်။ ကွင်းလယ်ဗဟိုမှာ ကစားရတာကို ကျွန်တော် အမြဲတမ်း သဘောကျခဲ့ပါတယ်"

"လက်ရွေးစင်အသင်းမှာလည်း အဲဒီနေရာမှာ ပြန်ကစားခွင့်ရလို့ ဝမ်းသာပါတယ်။ ဒါက မတူညီတဲ့ နေရာတစ်ခုဖြစ်သလို မတူညီတဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ရပါတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် သေချာပေါက်ပျော်ရွှင်နေသလို ဒီနေရာမှာ ကစားရတာ အရမ်းကို သက်သောင့်သက်သာ ရှိပါတယ်" လို့ ပြောပါတယ်။