အာဆင်နယ်နဲ့ပွဲစဉ်မှာ အီဆက်ရဲ့ဖြစ်ရပ်အတွက် ပင်နယ်တီ ရရှိခဲ့သင့်တယ်လို့ ပရီးမီးယားလိဂ်သုံးသပ်ရေးအဖွဲ့ ဆုံးဖြတ်
အာဆင်နယ်နဲ့ပွဲစဉ်မှာ အီဆက်ကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ ပင်နယ်တီ ရရှိသင့်တယ်လို့ ပရီးမီးယားလိဂ်ရဲ့ အဓိကပွဲစဉ် ဖြစ်ရပ်များ စိစစ်သုံးသပ်ရေးအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။
အန်းဖီးလ်မှာ အာဆင်နယ်ကို လီဗာပူးက ၀-၁ ဂိုးဖြင့် ရှုံးနိမ့်နေချိန် ဆွီဒင်တိုက်စစ်မှူးကို နောက်ခံလူတင်ဘာ ဆွဲထားခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။
အီဆက်ဆီ ဘောလုံးမရောက်ရှိလာအောင် တင်ဘာ ဥပဒေပတားဆီးခဲ့လို့ ချေပဂိုးရရှိဖို့ ရည်ရွယ်ထားတဲ့ တိုက်စစ်မှူးရဲ့ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။
အလားတူ ကွင်းလယ်ဒိုင် အန်ဒီမက်ဒ်လေက ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့သလို VAR တာဝန်ကျ ဒိုင်လူကြီး စတူးဝပ်အက်တ်ဝဲလ်ကလည်း ဒီဖြစ်ရပ်ကို ပြန်လည်စစ်ဆေးခဲ့ပေမဲ့ ကွင်းဘေးမော်နီတာမှာ ပြန်လည်ကြည့်ရှုဖို့အတွက် အကြံမပြုခဲ့ပါဘူး။
သုံးသပ်ရေးအဖွဲ့က ကွင်းတွင်းမှာ ပင်နယ်တီပေးခဲ့သင့်တယ်ဆိုတဲ့ အချက်ကို ၄ မဲ - ၁ မဲဖြင့် မဲခွဲအတည်ပြုခဲ့သလို VAR ရဲ့ကြားဝင်မှုဖြင့် မက်ဒ်လေကို ကွင်းဘေးမော်နီတာဆီ စေလွှတ်သင့်တယ်ဆိုတဲ့အချက်ကိုလည်း ၃ မဲ - ၂ မဲဖြင့် သဘောထားမှတ်ချက်ပြုခဲ့ကြပါတယ်။
ဒီဖြစ်ရပ်အတွင်း အီဆက်လည်း မြေပြင်ပေါ်မလဲကျဘဲ ဆက်မတ်တပ်ရပ်နေခဲ့ပြီး ပင်နယ်တီဆုံးဖြတ်ချက်ရရှိဖို့အတွက် ကစားသမားကိုယ်တိုင် လဲကျပြစရာ မလိုသင့်ဘူးလို့ လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက ပြောဆိုခဲ့ပါတယ်။
အီရာအိုလာက "ဂျာစီအင်္ကျီကို ရှင်းရှင်းလင်းလင်း ဆွဲထားခဲ့တာပါ။ အီဆက်က သူ့ရဲ့ အရှေ့တည့်တည့်မှာ ရှိနေခဲ့တာပါ။ သူက ဂိုးပေါက်ရှေ့မှာ ခေါင်းတိုက်ဖို့ရှိနေပေမဲ့ ဟိုဘက်က အင်္ကျီဆွဲထားလို့ မတိုက်နိုင်ခဲ့ပါဘူး။ အကယ်၍ သူသာ မြေပေါ် လဲကျပြလိုက်မယ်ဆိုရင်တော့ ပင်နယ်တီပေးမယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ဒီလိုမျိုး မဖြစ်သင့်ပေမဲ့ လက်တွေ့မှာတော့ ဒီအတိုင်းပါပဲ"
"နောက်တစ်ကြိမ်မှာတော့ နည်းပြတွေက အီဆက်ကို မြေပေါ်လဲကျလိုက်ဖို့ ပြောရပါလိမ့်မယ်၊ မဟုတ်ရင် သူတို့က ပင်နယ်တီ မပေးပါဘူး။ အဖြေကတော့ ခင်ဗျား ဟန်ဆောင်လဲကျပြရပါမယ်။ ဟန်ဆောင်မလဲကျဘူးဆိုရင် သူတို့က ပင်နယ်တီ မပေးပါဘူး" လို့ ပြောပါတယ်။
ဒါက လီဗာပူးအတွက် ပွဲကြီးပွဲကောင်းတွေမှာ ဒုတိယအကြိမ်မြောက်နစ်နာရတဲ့ ဖြစ်ရပ်လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်စီးတီးနဲ့အိမ်ကွင်းပွဲစဉ်မှာ ဂရာဗန်ဘတ်ချ်အတွက် ချမှတ်ခဲ့တဲ့ နှစ်ဝါတစ်နီပြစ်ဒဏ်ကိုလည်း အလွန်ပြင်းထန်တဲ့ ဆုံးဖြတ်ချက်အဖြစ် ပရိသတ်တွေရော၊ ဘောလုံးသုံးသပ်သူတွေပါ ရှုမြင်ခဲ့ကြပါတယ်။