The network connection is lost.

Banner Image

မိုက်ကယ်ကာရစ်ကို ရာထူးမှထုတ်ပယ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် ယူနိုက်တက်ပရိသတ်များအဖွဲ့ ဒေါသအိုးပေါက်ကွဲ

နည်းပြမိုက်ကယ်ကာရစ်ကို ရာထူးမှထုတ်ပယ်တဲ့ ကြာသပတေးနေ့ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် မန်ချက်စတာယူနိုက်တက်ပရိသတ်များအဖွဲ့(MUST) က ပရီးမီးယားလိဂ်ကလပ်အသင်းရဲ့ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို အသင်းရဲ့ပြဿနာတွေအတွက် တာဝန်ရှိသူတွေကိုယ်တိုင် တာဝန်ယူပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အာမိုရင် ထုတ်ပယ်ခံခဲ့ရပြီးနာက် ယူနိုက်တက်က ကာရစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးအပ်ခဲ့ပြီး အသင်းရဲ့ကံကြမ္မာကို အကောင်းဘက်ဆီ ပြောင်းလဲပေးနိုင်ခဲ့လို့ ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုပေးခဲ့ပါတယ်။

ဒါပေမဲ့ အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲ ကစားပြီးချိန် ၁ ပွဲသာ အနိုင်ရရှိမှုနဲ့အတူ ရမှတ် ၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၈ နေရာဆီ ရောက်ရှိသွားပြီးနောက် ကာရစ်ကို ထုတ်ပယ်မယ့် ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်က အသင်းရဲ့လတ်တလောပြဿနာတွေအပေါ် ပရိသတ်တွေ ဒေါသအိုးပေါက်ကွဲနေချိန် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။၏

ကလပ်အသင်းအတွက် အဓိကရှယ်ယာတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ဂလေဇာမိသားစုက သာမန်အဆင့်ကစားသမားတွေကို ငွေကြေးအလွန်အကျွံသုံးစွဲခေါ်ယူခဲ့မှုနဲ့ အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေကို နှောင့်နှေးကြန့်ကြာစေခဲ့မှုတွေကြောင့် ပရိသတ်တွေရဲ့ပြင်းပြင်းထန်ထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သရဲနီပရိသတ်များအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ "အသင်းပိုင်ရှင်တွေကိုယ်တိုင် ရှင်းလင်းချက်ပေးဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အနည်းငယ်လောက်ပြသဖို့ အချိန်တန်ပါပြီ။ ဒါပေမဲ့ ယူနိုက်တက်မှာ ဖြစ်ပေါ်နေတဲ့ မကျေနပ်မှုတွေက ကွင်းတွင်းကိစ္စရပ်တွေလောက်တင် မဟုတ်ပါဘူး။ အဲဒီထက် အများကြီး ပိုမိုကျယ်ပြန့်ပါတယ်"

"တင်းကျပ်တဲ့ လက်မှတ်ရောင်းချမှု မူဝါဒတွေက ပရိသတ်တွေနဲ့ ဆက်ဆံရေးကို ပိုမိုထိခိုက်စေခဲ့ပါတယ်... အသင်းပိုင်ရှင်တွေရဲ့စီမံခန့်ခွဲမှုအလွဲတွေအပြင် အားကစားကွင်းသစ် ရည်မှန်းချက်တွေအတွက် ပိုမိုမြင့်မားတဲ့ဈေးနှုန်းတွေနဲ့ လျော့နည်းသွားတဲ့ အခွင့်အရေးတွေမှတဆင့် ပရိသတ်တွေ စတေးခံပေးဆပ်နေကြရပါတယ်" လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း လက်ရှိအိုးထရက်ဖို့ဒ်ကွင်းဘေးနားမှာ ပရိသတ် ၁၀၀,၀၀၀ ဝင်ဆံ့မယ့် အားကစားကွင်းသစ် တည်ဆောက်မယ့် နေရာကို ယူနိုက်တက်က ထုတ်ဖော်ပြသခဲ့ပါတယ်။ ကလပ်အသင်းရဲ့အဆိုအရ ရှယ်ယာအနည်းစုပိုင်ရှင် ဂျင်ရက်ကလစ်ဖ်ရဲ့အဓိက စီမံကိန်းကြီးက အိမ်ခြေ ၁၅,၀၀၀ ကို ဖန်တီးပေးနိုင်သလို ဗြိတိန်စီးပွားရေးအတွက် တစ်နှစ်ကို ပေါင် ၇ ဘီလီယံကျော် အကျိုးပြုနိုင်မယ်လို့ သိရပါတယ်။

သရဲနီပရိသတ်များအဖွဲ့က "အသင်းပိုင်ရှင်တွေကိုယ်တိုင် ကလပ်အသင်းအကြီးအကဲပိုင်းကို လမ်းကြောင်းပြောင်းလဲဖို့ ခွင့်ပြုပေးရပါမယ်။ တာဝန်ယူမှုတာဝန်ခံမှု ပြသဖို့၊ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့၊ ပရိသတ်တွေရဲ့အသံကို နားထောင်ဖို့နဲ့ သူတို့ရဲ့သစ္စာစောင့်သိမှုက ဘောလုံးအောင်မြင်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်။ နည်းပြနောက်တစ်ဦးကို ထပ်ပြောင်းလဲလိုက်ရုံနဲ့တော့ အသင်းပိုင်ရှင်တွေ ဆက်ဖျက်ဆီးနေတဲ့ အရာတွေကို မကုစားပေးနိုင်ပါဘူး" လို့ ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယူနိုက်တက်ရဲ့မှတ်ချက်ပေးမှု မထွက်ပေါ်လာသေးပါဘူး။

၂၀၁၃ ခုနှစ်၊ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အသင်းအတွက် အကြိမ် ၂၀ မြောက် အမှတ်ပေးချန်ပီယံဆုဖလား ရယူပေးပြီးနောက်ပိုင်း ယူနိုက်တက်အကြီးအကဲတွေ ထုတ်ပယ်ခဲ့တဲ့ ခုနစ်ဦးမြောက်အမြဲတမ်းနည်းပြအဖြစ် မိုက်ကယ်ကာရစ် မှတ်တမ်းဝင်သွားခဲ့ပါပြီ။ ဒါ့အပြင် သူက ၂၀၂၄ ခုနှစ်၊ အသင်းဆီ ဂျင်ရက်ကလစ်ဖ် ရောက်ရှိလာပြီးနောက်ပိုင်း တတိယမြောက် ထုတ်ပယ်ခံရတဲ့ နည်းပြလည်း ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေမှာတော့ မိုက်ကယ်ကာရစ်ရဲ့နေရာကို အမေရိကန်လက်ရွေးစင်အသင်း နည်းပြပိုချက်တီနို အစားထိုးတာဝန်ယူသွားလိမ့်မယ်လို့ ဖော်ပြနေကြပါတယ်။