The network connection is lost.

Banner Image

ဥပဒေကြောင်းအရ အရေးယူဖို့ အက်စတွန်ဗီလာ ကြိုးပမ်းလာပြီးနောက် တောင်းပန်စကားပြောကြားလိုက်တဲ့ ကာရေဂါ

ကလပ်အသင်းနဲ့ ပရိသတ်တွေအပေါ် "လက်ခံနိုင်ဖွယ်မရှိတဲ့ စော်ကားမှုတွေ" ပြုလုပ်ခဲ့တယ်ဆိုပြီး လီဗာပူးနောက်ခံလူဟောင်း၊ ဘောလုံးဝေဖန်သုံးသပ်သူကာရေဂါကို ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ အက်စတွန်ဗီလာက ကြေညာခဲ့ပါတယ်။

Sky Sports နဲ့ CBS သတင်းဌာနတွေရဲ့ လူသိများထင်ရှားတဲ့ ဘောလုံးသုံးသပ်သူ ကာရေဂါက မန်ချက်စတာယူနိုက်တက်မှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မိုက်ကယ်ကာရစ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြအူနိုင်းအမ်မရီကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ပြောဆိုခဲ့လို့ အက်စတွန်ဗီလာပရိသတ်တွေရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဗီလာဥက္ကဋ္ဌနာဆတ်ဖ်ဆာဝီရစ်ရဲ့ ကလပ်အသင်းလူမှုကွန်ရက်မှတဆင့် ထုတ်ပြန်လာတဲ့ ကြေညာချက်မှာ "ကလပ်အသင်းနဲ့ ပရိသတ်တွေအပေါ် လက်ခံနိုင်ဖွယ်မရှိအောင် စော်ကားခဲ့မှုအတွက် အက်စတွန်ဗီလာက ကာရေဂါကို ဥပဒေကြောင်းအရ အရေးယူသွားဖို့ စတင်ကြိုးပမ်းပါတော့မယ်။ အင်္ဂလန်နဲ့ ဥရောပဘောလုံးလောကမှာ ကျွန်တော်တို့ရဲ့တိုးတက်လာမှုကို နှောင့်ယှက်ဟန့်တားဖို့ ဆန္ဒရှိလာမယ်ဆိုရင်တော့ အက်စတွန်ဗီလာက ခွင့်ပြုပေးသွားစရာ မရှိပါဘူး" လို့ ဖော်ပြထားပါတယ်။

ဒီအခြေအနေအပေါ် အသက် ၄၈ နှစ်အရွယ် ကာရေဂါက တောင်းပန်စကား ပြန်လည်ပြောကြားရင်း တုံ့ပြန်ခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှတဆင့် ကာရေဂါက "အက်စတွန်ဗီလာ၊ ကလပ်အသင်းပိုင်ရှင်တွေနဲ့ ပရိသတ်တွေကို ကျွန်တော် တောင်းပန်ချင်ပါတယ်။ အခုသီတင်းပတ်အတွင်း ကျွန်တော် သုံးနှုန်းခဲ့တဲ့ စကားလုံးတွေက မဆင်မခြင် ဖြစ်ခဲ့သလို မှားယွင်းခဲ့ပါတယ်။ ဗီလာပရိသတ်တွေကို ကျွန်တော် အာမခံနိုင်တာကတော့ ဒါကို ရယ်စရာ အရွှန်းဖောက် သဘောမျိုး ပြောခဲ့တာ ဖြစ်ပေမဲ့ အဲဒီလိုပုံစံမျိုး မပေါ်ပေါက်ခဲ့ဘူးဆိုတာကို ကျွန်တော် နားလည်ပါတယ်။ ဒါကြောင့် တောင်းပန်ပါတယ်" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အမ်မရီက လွန်ခဲ့တဲ့လေးနှစ်တာကာလ၊ နည်းပြတာဝန်စတင်ယူပြီးနောက် အက်စတွန်ဗီလာရဲ့ကံကြမ္မာကို ပြောင်းလဲပေးခဲ့ပါတယ်။ စပိန်လူမျိုးနည်းပြက ဘာမင်ဂမ်အခြေစိုက်ကလပ်အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့်နှစ်ကြိမ်ရရှိအောင် ဦးဆောင်ပေးခဲ့သလို ယမန်နှစ်ဘောလုံးရာသီမှာလည်း နှစ် ၃၀ ကြာ ဆုဖလားအောင်မြင်မှုစောင့်ဆိုင်းနေရတဲ့ ကလပ်အသင်းအတွက် ယူရိုပါလိဂ်ချန်ပီယံဆု ရယူပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားခြောက်ဦးက ပိုမိုမြင့်မားတဲ့ လုပ်ခလစာ သို့မဟုတ် ဆုဖလားတွေကို ပုံမှန်စိန်ခေါ်နိုင်မယ့် အခွင့်အရေးတွေအတွက် အပြောင်းအရွှေ့စျေးကွက်မှာ ထွက်ခွာသွားလို့ အခုဘောလုံးရာသီစတင်ချိန် အသင်းသစ်တစ်ခုကို အမ်မရီ ပြန်လည်တည်ဆောက်ခဲ့ရပါတယ်။

အမ်မရီက ဗလန်စီယာနဲ့ ဆီဗီလာတို့မှာလည်း အောင်မြင်မှုတွေ ရရှိခဲ့ဖူးပေမဲ့ ပီအက်စ်ဂျီနဲ့ အာဆင်နယ်မှာတော့ ပိုမိုမြင့်မားတဲ့ မျှောလင့်ချက်တွေအောက် ရုန်းကန်ခဲ့ရဖူးပါတယ်။

Stick to Football Podcast မှာ ကာရေဂါက "အမ်မရီကိုယ်တိုင်လည်း ထိပ်သီးကလပ်ကြီးတစ်ခုကို နောက်တစ်ကြိမ် ပြန်လည်ကိုင်တွယ်ခွင့်ရမယ့် အခွင့်အရေးမျိုး သေချာပေါက် လိုချင်ပါလိမ့်မယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဘောလုံးလောကမှာ အဆင့်သတ်မှတ်ချက်တွေ ရှိပါတယ်။ အက်စတွန်ဗီလာဆိုတာ မန်ချက်စတာယူနိုက်တက် ဘယ်တော့မှ မဖြစ်လာနိုင်ပါဘူး" လို့ ပြောကြားခဲ့ပြီးနောက် အခုလိုပြင်းထန်တဲ့အခြေအတင်ဖြစ်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။