ဆန်းဒါးလန်းကို အနိုင်ယူပြီးနောက် ဘရိုက်တန်ရဲ့တိုက်ပွဲဝင်စိတ်ဓါတ်ကို ချီးကျူးလိုက်တဲ့ ဟာဇလာ
ဆန်းဒါးလန်းကို ၀-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်အပြီး ဘရိုက်တန်နည်းပြဟာဇလာက သူ့ကစားသမားတွေရဲ့စည်းလုံးညီညွှတ်မှုနဲ့ ယုံကြည်ချက်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။
ဘရိုက်တန်အတွက် ဒီကွိုင်ပါနဲ့ ပွဲဦးထွက်ကစားသမားဟတ်ဂျန်တို့ရဲ့သွင်းဂိုးတွေက နောက်ဆုံးခြောက်ပွဲအတွင်း လေးကြိမ်မြောက်နိုင်ပွဲကို ရယူဖို့ သေချာစေခဲ့ပါတယ်။
ပါစကယ်စထရိုက်ခ် အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရပေမဲ့ ဘရိုက်တန်က ပွဲချိန်နှောင်းပိုင်းနာရီဝက်ကို ကစားသမား ၁၀ ဦးတည်းဖြင့် အခိုင်အမာကစားသွားနိုင်ခဲ့ပါတယ်။
လက်ရှိချန်ပီယံအာဆင်နယ်ကို မကြာသေးမီကပဲ အနိုင်ယူခဲ့တဲ့ ဘရိုက်တန်က ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်သုံးပွဲဆက် အနိုင်ရရှိခဲ့ပြီး ဟာဇလာကိုယ်တိုင်လည်း သူ့အသင်းရဲ့ ဇွဲလုံလကြီးမားမှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ကစားသမားတွေကို ကျွန်တော် ချီးကျူးရပါမယ်။ အခြေအနေတွေ မတူညီခဲ့တာကြောင့် ဒါက အာဆင်နယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်နဲ့ မတူညီတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အတွက် မတူညီတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပေမဲ့ ခြုံပြီးပြောရရင် ကစားသမားတွေက တကယ်ကို ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပါတယ်" လို့ ကလပ်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဟာဇလာက ပြောပါတယ်။
"သူတို့က အသင်းလိုက် အလွန်ကောင်းမွန်စွာ ခံစစ်ကစားနိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် အနီကတ်ပြသခံရပြီးနောက်မှာလည်း ကျွန်တော်တို့ဆီမှာ အလွန်ကောင်းမွန်တဲ့ ခံစစ်ပိုင်း စိတ်ဓာတ် ရှိခဲ့ပါတယ်။ အဲဒါတင်မကဘဲ ပွဲတွင်းဝင်လာချိန်မှာ အကျိုးသက်ရောက်မှု ရှိစေခဲ့တဲ့ အလွန်ကောင်းတဲ့ လူစားဝင်ကစားသမားတွေလည်း ကျွန်တော်တို့ဆီမှာ ရှိခဲ့ပါတယ်"
"ကျွန်တော်တို့ အဲဒီစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့ပြီး ဒါ ထိုက်တန်တဲ့ နိုင်ပွဲတစ်ခု ဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ သူတို့က တကယ်ပဲ စည်းစည်းလုံးလုံး ရှိကြသလို ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အခက်အခဲတွေကို အတူတကွ ရင်ဆိုင်ကြပါတယ်" လို့ ဆိုပါတယ်။