The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်အတွက် လီဗာပူးမှထွက်ခွာသွားတဲ့ အာနိုးလ်ရဲ့လုပ်ရပ်ကို အမှားအယွင်းကြီးတစ်ခုလို့ ကာရေဂါ သုံးသပ်ပြောဆို

လီဗာပူးဂန္တဝင်ကာရေဂါက ရီးရဲလ်မက်ဒရစ်အတွက် ငယ်ဘ၀ကလပ်အသင်းမှ ထွက်ခွာသွားတဲ့ အာနိုးလ်တော့ ကြီးမားတဲ့အမှားအယွင်းတစ်ခု ကျူးလွန်မိပြီလို့ ယုံကြည်နေပါတယ်။

လတ်တလောအငြင်းပွားဖွယ်အပြောင်းအရွှေ့ဇာတ်လမ်းတွေအနက် တစ်ခုအဖြစ် အသက် ၂၈ နှစ်အရွယ်အာနိုးလ်က ငယ်ဘဝကလပ်အသင်းလီဗာပူးမှ ရီးရဲလ်မက်ဒရစ်ရဲ့တောက်ပတဲ့ စင်မြင့်ထက်ဆီ နွေရာသီကာလအတွင်း ထွက်ခွာသွားခဲ့ပါတယ်။

ဒီညာနောက်ခံလူက ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂိုးဖန်တီးမှုအများဆုံးနောက်ခံလူ(၆၄ကြိမ်)အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အန်ဖီးလ်အတွက် ငြင်းပယ်လို့မရတဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း စပိန်မြို့တော်မှာတော့ အင်္ဂလန်လက်ရွေးစင်ကစားသမားအတွက် အရာရာ အဆင်မပြေဘဲ အခုဘောလုံးရာသီ၊ လာလီဂါ ၆ ပွဲကစားရာမှာ ၃ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး စုစုပေါင်းပွဲကစားချိန် ၂၆၆ မိနစ်သာ ရရှိထားပါတယ်။

အသင်းမှထွက်ခွာဖို့ဆိုတဲ့ အာနိုးလ်ရဲ့ဆုံးဖြတ်ချက်အပေါ် လီဗာပူးပရိသတ်တွေကိုယ်တိုင် မကျေမနပ် ဖြစ်ခဲ့ကြပေမဲ့ သူ့ကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့အတွက်တော့ စဉ်းစားသင့်တယ်လို့ ကာရေဂါက ယူဆနေပါတယ်။

လီဗာပူးဂန္တဝင်က "ကျွန်တော်သာဆိုရင် သူ့ကို ပြန်ခေါ်ယူသွားပါမယ်" လို့ ပြောပါတယ်။

"ကျွန်တော့်အမြင် သူကိုယ်တိုင်လည်း အမှားတစ်ခု ကျူးလွန်မိလို့ ဝေဖန်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ မက်ဒရစ်ဆီထွက်ခွာသွားတယ်ဆိုတာ အမှားကြီးတစ်ခုပဲလို့ ကျွန်တော် ယူဆပါတယ်။ ကျွန်တော်တို့(လီဗာပူး)လည်း သူ့ရဲ့ဖန်တီးပေးနိုင်စွမ်းကို သေချာပေါက် လွမ်းမောနေကြရပါတယ်"

"အခုအချိန်၊ ရီးရဲလ်မက်ဒရစ်အတွက် သူက ညာနောက်ခံလူနေရာမှာ တတိယဦးစားပေးရွေးချယ်စရာ ဖြစ်နေပါတယ်။ သူတို့က အဲ့ဒီနေရာမှာ ဗယ်လ်ဗာဒီကို ထည့်သွင်းကစားနေကြသလို အယ်လ်ကလက်စီကိုပွဲစဉ်မှာတောင် ပုံမှန်ညာနောက်ခံလူဒမ်ဖရီးစ်က အာနိုးလ်ထက် အရင်လူစားဝင် ကစားခဲ့ရပါတယ်"

"ကလပ်အသင်းတစ်ခုမှာ ကိုယ်က တတိယဦးစားပေးရွေးချယ်စရာ ဖြစ်နေပြီဆိုရင် သူတို့တွေ ကိုယ့်ကို အသင်းမှထွက်ခွာစေချင်တယ်ဆိုတာ ထင်ရှားလာပါပြီ" လို့ ဆိုပါတယ်။