အရန်ခုံမှာ အချိန်ကုန်ပြီး အမေ့လျော့ခံ အာနိုးလ်အတွက် ရက်စက်ပြတ်သားတဲ့ သတင်းစကား ပေးပို့လိုက်တဲ့ မော်ရင်ဟို
ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက ဗယ်လ်ဗာဒီရဲ့အစွမ်းပြမှု ထွက်ပေါ်လာချိန် အာနိုးလ်နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လာမယ့်သီတင်းပတ်ကုန်၊ အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင် ဆီဗီလာနဲ့ရင်ဆိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယားဦးဆောင်သူဘာစီလိုနာနဲ့ ရမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ဗယ်လ်ဗာဒီက အထူးခြေစွမ်းပြသခဲ့ပြီး ညာနောက်ခံလူနေရာအတွက် ဒမ်ဖရီးစ်နဲ့ အာနိုးလ်တို့ထက် သူ့ကို ဘာကြောင့်ဦးစားပေးရွေးချယ်သင့်သလဲဆိုတာ မော်ရင်ဟိုဆီ သက်သေပြခဲ့ပါတယ်။
ငယ်ဘ၀ကလပ်အသင်း လီဗာပူးမှ ထွက်ခွာလာပြီးနောက် အာနိုးလ်က စပိန်ထိပ်သီးကလပ်မှာ ဆုဖလားတွေအတွက်သာမက ပွဲကစားချိန်မိနစ်တွေ ရရှိဖို့အတွက်ပါ ရုန်းကန်နေရပြီး စိတ်မကောင်းစရာအခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။
ပွဲစဉ်အပြီး မော်ရင်ဟိုက ဗယ်လ်ဗာဒီကို အပြည့်အဝချီးကျူးပြောဆိုခဲ့သလို ဒမ်ဖရီးစ်နဲ့ အာနိုးလ်တို့ နှစ်ဦးလုံးကို အရန်ခုံပေါ်မှာ ချန်လှပ်ထားမှုကိုလည်း မှတ်ချက်ပြုခဲ့ပါတယ်။
ဗယ်လ်ဗာဒီကို ချီးကျူးရင်း မော်ရင်ဟိုက "အရည်အသွေးမြင့် ညာနောက်ခံလူနှစ်ဦးကို အရန်ခုံမှာ ချန်လှပ်ထားဖို့ဆိုတာ မလွယ်ကူပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုက "ကျွန်တော်တို့ဆီမှာသာ ဗယ်လ်ဗာဒီလေးဦးရှိရင် နေရာမတူတဲ့ ကစားကွက်လေးနေရာမှာ ကစားကြလိမ့်မယ်ဆိုပြီးတော့ ဟိုတစ်နေ့ကပဲ ရယ်စရာတစ်ဝက်၊ အတည်တစ်ဝက်နဲ့ ကျွန်တော် ပြောခဲ့ဖူးပါတယ်။ သူက ဒီနေ့ခေတ်ဘောလုံးလောကမှာ နေရာစုံ ကစားနိုင်ဆုံး ကစားသမားတွေအနက် တစ်ဦး ဖြစ်ပါတယ်"
"သူက ဘယ်နေရာမှာမဆို အမြင့်မားဆုံးအဆင့်အတန်းတစ်ခုနဲ့ ကစားနိုင်ပါတယ်။ ဒီနေ့မှာ သူရဲ့ကောင်းမွန်တဲ့ကစားပုံကို ပြသသွားခဲ့ပါတယ်။ နည်းပြတစ်ဦးအတွက် အရည်အသွေးမြင့် ညာနောက်ခံလူနှစ်ဦးကို အရန်ခုံမှာ ချန်လှပ်ထားဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါပေမဲ့ အန်းဒရစ်ခ်ရဲ့နောက်မှာ ကစားဖို့ အရည်အသွေးရော၊ ခြေစွမ်းပါ ပြည့်၀တဲ့ ညာနောက်ခံလူတစ်ဦး ရှိနေလို့ အများကြီးအသုံးဝင်မယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်"
"ဗယ်လ်ဗာဒီကို ကျွန်တော် ဆွဲဆောင်စည်းရုံးနေစရာ မလိုပါဘူး။ သူက ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဖြစ်ပြီး အကယ်၍ သူ ဂိုးသမားအဖြစ် ကစားရမယ်ဆိုရင်တောင် လက်အိတ်စွပ်ပြီး ဂိုးပေါက်မှာ ဝင်ကစားပေးပါလိမ့်မယ်" လို့ ဆိုပါတယ်။
အာနိုးလ်က အခုဘောလုံးရာသီ၊ ရီးရဲလ်မက်ဒရစ်ရဲ့ လာလီဂါပွဲစဉ်ရှစ်ပွဲအနက် သုံးပွဲသာ ပွဲထွက်ခွင့် ရရှိထားပြီး လီဗာပူးဆီ ပြန်လည်ပြောင်းရွှေ့သွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ဆက်လက်ထွက်ပေါ်နေပါတယ်။ ဒါကြောင့် အသက် ၂၈ နှစ်အရွယ်ကစားသမားအတွက် အခွင့်အရေးသာ ပေါ်ပေါက်လာမယ်ဆိုရင် မာဆေးဆိုဒ်ဆီ ပြန်လည်ပြောင်းရွှေ့သွားနိုင်ပါတယ်။