ဘရူနိုဖာနန်ဒက်စ်နဲ့တွဲဖက်ကစားဖို့ ယူနိုက်တက်ကစားသမားတွေ မလိုလားကြဘူးလို့ ကာရေဂါ ပြင်းပြင်းထန်ထန်ဝေဖန်
အခုသီတင်းပတ်ကုန်လိဂ်ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခံရတဲ့ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နဲ့အတူ တွဲဖက်ကစားဖို့ မန်ချက်စတာယူနိုက်တက်ကစားသမားအချို့ မနှစ်သက်ကြဘူးလို့ ကာရေဂါက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဘုန်းမောက်နဲ့ရင်ဆိုင်ရတဲ့ တနင်္ဂနွေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှ ဘရူနိုဖာနန်ဒက်စ်ကို ချန်လှပ်ခဲ့မှုအပေါ် ဘောလုံးသဘောသဘာ၀အရ ဆုံးဖြတ်ခဲ့ခြင်းသာ ဖြစ်တယ်လို့ ယူနိုက်တက်နည်းပြမိုက်ကယ်ကာရစ်က ရှင်းပြခဲ့ပါတယ်။
ကိုမိုကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ဘရူနိုဖာနန်ဒက်စ်က အီတလီကလပ်အသင်းကို သူနဲ့ သူ့အသင်းဖော်တွေ လုံလုံလောက်လောက် ဖိအားမပေးနိုင်ခဲ့ဘူးလို့ ပြောဆိုခဲ့သလို မိုက်ကယ်ကာရစ်ရဲ့နည်းဗျူဟာပိုင်းကိုလည်း ဝေဖန်ခဲ့ပါတယ်။
ကာရေဂါကတော့ ကာရစ်ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ကစားသမားတွေကိုယ်တိုင် ဖာနန်ဒက်စ်ကို အရန်ခုံမှာပဲ ရှိနေစေချင်လိမ့်မယ်ဆိုတဲ့ အံ့အားသင့်ဖွယ်အချက်ကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကာရေဂါက "ကိုယ့်အပေါ်မှာ ဆိုးဆိုးရွားရွား ပြန်လည်သက်ရောက်လာတာမျိုးကို မလိုလားပေမဲ့ သူက မန်ချက်စတာယူနိုက်တက်ရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်ဆိုတာကိုတော့ မငြင်းဆန်နိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်၊ PFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုရှင်ဖြစ်ခဲ့ပေမဲ့ ကာရစ်အတွက် ပြတ်သားတဲ့ရပ်တည်ချက်တစ်ခု ပြသဖို့ လိုအပ်ခဲ့ပါတယ်"
"ဒီဆုံးဖြတ်ချက်က အသင်းကို အတူတကွ စည်းလုံးသွားစေမယ်လို့ မျှော်လင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အသင်းရဲ့အကောင်းဆုံးကစားသမားဖြစ်နေပေမဲ့ သူ့နဲ့အတူ တွဲမကစားချင်သူတွေ အများကြီးရှိနေမယ်ဆိုတာ သံသယဖြစ်စရာ မလိုလို့ပါပဲ။ သူက လူတွေအပေါ် အမြဲတမ်းလက်ညှိုးထိုးအပြစ်တင်လေ့ရှိပြီး 'မင်းတို့တွေ ငါနဲ့တွဲကစားဖို့ မထိုက်တန်ကြဘူး' ဆိုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဆီက ဒီလိုပုံစံမျိုးကို ကျွန်တော်တို့ အများကြီး မြင်တွေ့နေရပါတယ်"
"ဒါကြောင့် ကစားသမားတွေ စည်းစည်းလုံးလုံး ရှိကြဖို့ မျှော်လင့်ပါတယ်။ ယုံကြည်မှုတွေ ကျဆင်းနေလို့ သူတို့အတွက် အားပေးထောက်ခံမှုတွေလည်း လိုအပ်ပါလိမ့်မယ်။ သူတို့က ပွဲစဉ်ကို ကောင်းကောင်းစတင်နိုင်ဖို့ လိုအပ်သလို အတူတကွ ဘောလုံးကစားရတာကိုလည်း တကယ်ပျော်မွေ့နိုင်ဖို့ လိုပါတယ်။ တကယ်လို့ အခြေအနေတွေ မကောင်းမွန်ဘူးဆိုရင် ဒါမှမဟုတ် တစုံတဦးရဲ့ဘောလုံးပေးပို့မှု အမှားအယွင်းရှိမယ်ဆိုရင်တောင် အတူတကွ စုစည်းပြီး အချင်းချင်းဆက်လက်အားပေးကာ တွန်းအားပေးသွားကြပါမယ်" လို့ ဆိုပါတယ်။
ဘရူနိုဖာနန်ဒက်စ်က အခုဘောလုံးရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်ခုနစ်ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမဲ့ ခြေစွမ်းပိုင်းကျဆင်းလာခဲ့ပြီးနောက် ထိပ်တန်းလိဂ်ငါးပွဲဆက် ဂိုးပါဝင်ပတ်သက်မှု မပြုလုပ်နိုင်ခဲ့ပါဘူး။