The network connection is lost.

Banner Image

လီယိုနီနဲ့ ဘရက်ဒလေတို့ မကစားနိုင်သေးပေမဲ့ ဗန်ဒိုက် အဆင်သင့်ရှိနေတယ်လို့ အီရာအိုလာ အတည်ပြု

မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့် တနင်္ဂနွေနေ့ပွဲစဉ်မတိုင်မီ လီဗာပူးနည်းပြအီရာအိုလာက ဒဏ်ရာရကစားသမားတွေရဲ့ နောက်ဆုံးအခြေအနေကို ရှင်းပြခဲ့ပါတယ်။

နိုင်ငံတကာရက်သတ္တပတ်မတိုင်မီ နောက်ဆုံးပွဲစဉ်မှာ အီရာအိုလာရဲ့အသင်းက ခရစ္စတယ်ပဲလေ့စ်ကို ၁-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သလို အခုသီတင်းပတ်အတွင်းမှာလည်း ဘရက်ဒလေနဲ့ လီယိုနီ လေ့ကျင့်ခန်းဆင်းနိုင်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဘရက်ဒ်လေနဲ့ လီယိုနီတို့အကြောင်း ပြောရာမှာတော့ သူတို့ရဲ့အခြေအနေ ကောင်းမွန်စွာ တိုးတက်လာနေပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်ကို ပါဝင်ကစားဖို့တော့ အဆင်သင့် မဖြစ်သေးဘူးလို့ အီရာအိုလာက ပြောကြားခဲ့ပြီး ခံစစ်တန်းမှာ အရူဂျိုပဲ နောက်တစ်ကြိမ် တာဝန်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

အီရာအိုလာက "နှစ်ဦးလုံးဆီမှ အရမ်းကောင်းတဲ့ သတင်းပါပဲ။ နိုင်ငံတကာရက်သတ္တပတ်က ကျွန်တော်တို့အတွက် အကောင်းဆုံးအချိန်မှာ ရောက်လာခဲ့ပြီး သူတို့ကို ကျန်တဲ့ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းအစီအစဉ်တွေထဲ ဖြည်းဖြည်းချင်း ထည့်သွင်းပေးနိုင်တဲ့ အခွင့်အရေး ရခဲ့ပါတယ်"

"ဒီသီတင်းပတ်ရဲ့နောက်ပိုင်းရက်တွေမှာ သူတို့က ကျန်တဲ့အသင်းသားတွေနဲ့အတူ စတင်လေ့ကျင့်နေပါပြီ။ သူတို့ မကစားနိုင်သေးတာ သေချာပေမဲ့ အသင်းနဲ့အတူ ပြန်လည်လေ့ကျင့်နေနိုင်ပြီဆိုတာက အရမ်းကောင်းတဲ့ သတင်းပါပဲ"

"သူတို့ရဲ့လေ့ကျင့်ချိန်ကို ဖြည်းဖြည်းချင်း မြှင့်တင်သွားဖို့ လိုအပ်တယ်ဆိုတာ အမှန်ပါပဲ။ သူတို့နှစ်ဦးလုံး အခြေအနေကောင်းနေပုံရတာကြောင့် သီတင်းပတ်အနည်းငယ်အတွင်းမှာ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်၊ အာဆင်နယ်နဲ့ပွဲစဉ်မှာ ဂရာဗန်ဘတ်ချ် အရန်ခုံထိုင်ခဲ့ရသလို သုံးရက်အကြာ ဖီနာဘာချီနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာလည်း ဖနောင့်ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် ပေါင်ကြွက်သားဒဏ်ရာရရှိနေတဲ့ ဖရင်ပေါင်နဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ပြဿနာကြောင့် နယ်သာလန်အသင်းလူစာရင်းမှ နုတ်ထွက်လိုက်ရတဲ့ ဗန်ဒိုက်တို့လည်း ယူနိုက်တက်နဲ့ပွဲစဉ်အတွက် ပါဝင်ဖို့ မသေချာသေးပေမဲ့ ဒီကစားသမားသုံးဦးလုံး ပြန်လည်သက်သာလာနေပြီလို့ အီရာအိုလာက အတည်ပြုခဲ့ပါတယ်။

လီဗာပူးနည်းပြက "အရာအားလုံး အစီအစဉ်အတိုင်း ချောမွေ့သွားမယ်ဆိုရင် ဒီပွဲစဉ်အတွက် သူတို့အားလုံး ပါဝင်နိုင်ပါလိမ့်မယ်။ ဂရာဗန်ဘတ်ချ်အတွက်တော့ နာကျင်မှု သက်သာဖို့ပဲ လိုတာပါ၊ သူက သူ့အခြေအနေကို နည်းနည်းထိန်းညှိနေပေမဲ့ ပြီးခဲ့တဲ့ နှစ်ရက်မှာ ကျွန်တော်တို့နဲ့အတူ လေ့ကျင့်ခန်း ဆင်းနိုင်ခဲ့ပါတယ်။ ဖရင်ပေါင်လည်း အလားတူ ပုံစံမျိုးနဲ့ သက်သာလာနေပြီး နိုင်ငံတကာရက်သတ္တပတ်က အဲဒီအတွက် အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ ဗန်ဒိုက်လည်း ကစားဖို့ အဆင်ပြေပါတယ်" လို့ ဆိုပါတယ်။

လီယိုနီနဲ့ ဘရက်ဒလေတို့ ပြန်ရောက်လာလို့ လက်ရှိမှာ အီကီတီကီ တစ်ဦးတည်းသာ လီဗာပူးရဲ့ ဒဏ်ရာရကစားသမားအဖြစ် ကျန်ရှိတော့ပြီး သူက ဒီဇင်ဘာလလယ်လောက် ပြန်လာနိုင်မယ်လို့ သတင်းတွေအရ သိရပါတယ်။