အင်္ဂလန်ကို အရှက်ရဖွယ်ရှုံးနိမ့်မှုအပြီး ခရိုအေးရှားကစားသမားဘ၀ ပထမဆုံးအကြိမ်အတွေ့အကြုံကို ဖွင့်ဟပြောကြာလားတဲ့ မိုဒရစ်
ယမန်နေ့(စနေနေ့)၊ ရီယေကာ (Rijeka)မြို့မှာ အင်္ဂလန်ကို ၀-၇ ဂိုးဖြင့် ရှုံးနိမ့်ကာ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးရှုံးနိမ့်မှုနဲ့ ကြုံတွေ့ခဲ့ပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ရှက်ရွံ့မိတယ်လို့ ခရိုအေးရှားကစားသမားလူကာမိုဒရစ်က ပြောကြားခဲ့ပါတယ်။
ခရိုအေးရှားအတွက် ယခင်အဆိုးရွားဆုံးရှုံးနိမ့်မှုဆိုတာ ၂၀၁၈ ခုနှစ်၊ စပိန်ကို ၆-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ် ဖြစ်ပါတယ်။ နိုင်ငံ့အတွက် ပွဲစဉ်အများဆုံးပါဝင်ကစားထားတဲ့ မိုဒရစ်က အင်္ဂလန်ကို အခုလိုပုံစံမျိုးနဲ့ ရှုံးနိမ့်ခဲ့တယ်ဆိုတာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောပါတယ်။
"ဘောလုံးယှဉ်လုမှုတွေ၊ ပြစ်ဒဏ်ဘောတွေ၊ အင်တိုက်အားတိုက်ပြင်းထန်မှုတွေနဲ့ စည်းလုံးညီညွတ်မှုတွေ လုံးဝမရှိတဲ့ ဒီလိုစွမ်းဆောင်ရည်မျိုးအတွက် ရှင်းပြချက်တစ်ခု ရှာဖွေဖို့ဆိုတာ ခက်ခဲပါတယ်။ ကျွန်တော် ဒီလက်ရွေးစင်အသင်းမှာ ရှိနေခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ ဒါပေမဲ့ ပွဲစဉ်တစ်ခုအပြီး အခုလိုရှက်စိတ်ဝင်မိတယ်ဆိုတာတော့ ဒါက ပထမဆုံးအကြိမ်ပါပဲ" လို့ မိုဒရစ်က Jutarnji သတင်းစာဆီ ပြောပါတယ်။
"ခင်ဗျား ရှုံးနိမ့်နိုင်ပါတယ်၊ ဒါမှမဟုတ် ကိုယ့်ထက်ပိုကောင်းတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင် ကစားရနိုင်ပါတယ်။ လက်ရှိမှာလည်း သူတို့က ပိုကောင်းနေပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီလိုပုံစံမျိုးနဲ့ရှုံးနိမ့်ပြီး နှစ်ပေါင်းများစွာကြာအောင် ကျွန်တော်တို့တည်ဆောက်ခဲ့တဲ့ ဂုဏ်သတင်းကို ဖြုန်းတီးပစ်လိုက်တယ်ဆိုတာတော့ လက်ခံနိုင်စရာ မရှိပါဘူး။"
"ခင်ဗျားတို့ အဲဒီလိုပုံစံမျိုးနဲ့ ဘောလုံးကစားလို့ မရနိုင်ပါဘူး။ လူနှစ်ဦးလျော့ပြီး ကစားလို့ မရနိုင်သလို ဒီလိုပုံစံမျိုးနဲ့လည်း ကစားလို့ မရပါဘူး၊ ကျွန်တော်တို့က ကစားသမားလေးငါးဦးလောက်လျော့နေတဲ့ ပုံစံမျိုး ဖြစ်ခဲ့ပါတယ်။ တကယ့်ကို ကပ်ဘေးဆိုက်တဲ့ ညတစ်ညပါပဲ" လို့ အသက် ၄၁ နှစ်အရွယ်ကစားသမားက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ခရိုအေးရှားက လာမယ့်အင်္ဂါနေ့၊ Split မြို့မှာ စပိန်ကို အိမ်ကွင်းပွဲစဉ်အဖြစ် ဆက်လက်ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ လက်ရှိကမ္ဘာ့ချန်ပီယံစပိန်က နေးရှင်းလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲဆက်မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ခရိုအေးရှားကိုလည်း ပထမအကျော့မှာ ၄-၁ ဂိုးဖြင့် အနိုင်ယူထားပါတယ်။
မိုဒရစ်က "ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေကို ပြန်လည်စုစည်းပြီး စည်းစည်းလုံးလုံး ရှိနေကြဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခက်ခဲမယ့် ပွဲစဉ်အသစ်တစ်ခုက ကျွန်တော်တို့ကို စောင့်ကြိုနေလို့ပါပဲ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ပင်ကိုယ်စိတ်ဓာတ်အစစ်အမှန်ကို ပြသရပါမယ်။ ကျွန်တော်တို့ဆီမှာ မခံချင်စိတ်၊ ဂုဏ်သိက္ခာ၊ ဆန္ဒ၊ တက်ကြွမှုနဲ့ စည်းလုံးညီညွတ်မှုတွေ ရှိနေပြီး ဒီအရာတွေ နေ့ချင်းညချင်း ပျောက်ကွယ်သွားလို့ မရပါဘူး" လို့ ပြောပါတယ်။
ခရိုအေးရှားက နေရှင်းလိဂ် A၊ အုပ်စု ၃ ရဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။