ခရိုအေးရှားနဲ့ပွဲစဉ်မှာ ဝင်ဘာလေပရိသတ်တွေရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့တဲ့ ဘန်ဝှိုက်ကို တူချယ် ကာကွယ်ပြောဆို
ယမန်နေ့(ကြာသပတေးနေ့)၊ ဝင်ဘာလေကွင်းမှာ ခရိုအေးရှားကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်အတွင်း လူစားဝင်ကစားချိန် ပရိသတ်တွေရဲ့လှောင်ပြောင်အော်ဟစ်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နောက်ခံလူဘန်ဝှိုက်ကို အင်္ဂလန်နည်းပြ သောမတ်စ်တူချယ်က ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။
ကွင်းထဲမှထွက်ခွာချိန် ခရိုအေးရှားဝါရင့်ကွင်းလယ်ကစားသမားလူကာမိုဒရစ် ရရှိခဲ့တဲ့ သောင်းသောင်းဖျဖျလက်ခုပ်သံတွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်ခဲ့ပြီး ပွဲတက်ရောက်လာတဲ့ မီဒီယာတွေကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတဲ့ ဒီလှောင်ပြောင်သံတွေကို သူ မကြားခဲ့ရဘူးလို့ တူချယ်က သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။
ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ကမ္ဘာ့ဖလားခရီးစဉ်မတိုင်ခင် ပြီးခဲ့တဲ့မတ်လနောက်ပိုင်း၊ အင်္ဂလန်အသင်းအတွက် ပထမဆုံးအကြိမ်ပါဝင်လာတဲ့ အာဆင်နယ်ကစားသမားဘန်ဝှိုက်ကို အတိတ်မှာလည်း နိုင်ငံ့အသင်းကို ကျောခိုင်းခဲ့ဖူးတဲ့ ဖြစ်စဉ်တွေကြောင့် လှောင်ပြောင်ခဲ့ဖူးကြပါတယ်။
သူက ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ လေ့ကျင့်ရေးစခန်းကနေ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ဖြင့် စောစောစီးစီးထွက်ခွာလာခဲ့သလို ဆောက်ဂိတ်ရဲ့ အင်္ဂလန်နည်းပြသက်တမ်းတလျှောက်လုံး အသင်းအတွက် ကစားပေးဖို့ ငြင်းဆန်ခဲ့ဖူးပါတယ်။
တူချယ်က"ဘန်ဝှိုက်အတွက် လှောင်ပြောင်သံတွေကို ကျွန်တော် မကြားခဲ့ရသလို ကျွန်တော်တို့ အဲဒီအခန်းကဏ္ဍကို ကျော်ဖြတ်ပြီးပြီလို့ ထင်ထားခဲ့တာပါ"
"ဒါမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်တာဝန်ယူပြီးကတည်းက သူက အသင်းဆီ လာရောက်ဖို့နဲ့ အသင်းသားတွေနဲ့အတူ ရှိနေဖို့ အလွန် စိတ်အားထက်သန်နေခဲ့ပါတယ်။ ကျွန်တော် တာဝန်ယူချိန်မှစပြီး သူ ဘာတစ်ခုမှ အမှားအယွင်း မလုပ်ခဲ့ပါဘူး"
"ကျွန်တော် မြင်တွေ့ရတဲ့ အရာနဲ့ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ရတဲ့ အရာတွေအပေါ်မှာပဲ သူ့ကို ဆုံးဖြတ်နိုင်ပြီး ဒါက အမြင့်မားဆုံးအဆင့်မှာ ရှိနေသလို ဘောလုံးပွဲတွေကို အနိုင်ရအောင် လုပ်ဆောင်တဲ့နေရာမှာလည်း သူက ကျွန်တော်တို့ကို တကယ် ကူညီပေးနိုင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပဲ သူက ကျွန်တော်တို့အဖွဲ့ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့အသင်းသားတွေကို ကျွန်တော်တို့ ကာကွယ်သွားရပါမယ်။ သူက ကျွန်တော်တို့နဲ့အတူ ရှိနေဖို့ ထိုက်တန်ပါတယ်" လို့ ပြောပါတယ်။
ဒီလို အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ဆက်ရှိနေရင်တောင် အသင်းကို ဘန်ဝှိုက် ကျောခိုင်းသွားစရာ မရှိဘူးလို့ တူချယ်က ပြောဆိုခဲ့ပါတယ်။
ဂျာမန်လူမျိုးနည်းပြက "အဲဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါကို မလိုလားအပ်ဘဲ အရမ်းကြီးမားတဲ့ကိစ္စတစ်ခု မဖြစ်စေချင်ပါဘူး။ သူက အမြဲတမ်း စိတ်နှစ်မြှုပ်ထားသလို အသင်းဆီ လာရောက်ဖို့၊ ရွေးချယ်ခံရဖို့ အမြဲတမ်းတာဝန်သိပြီး စိတ်လှုပ်ရှားနေတာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ရပါတယ်။ သူ့ရဲ့စိတ်နှစ်မြှုပ်မှု ဒါမှမဟုတ် စိတ်အားထက်သန်မှုအပေါ် သံသယဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး"
"ပြီးခဲ့တဲ့အတွေ့အကြုံတွေမှာလည်း လှောင်ပြောင်သံတွေကို သူ ကျော်လွှားနိုင်ခဲ့သလို ဒီတစ်ကြိမ်မှာတော့ ကျွန်တော် အဲဒါတွေကို မကြားခဲ့ရပါဘူး" လို့ ဆိုပါတယ်။