အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးမြှင့်လိုက်တဲ့ ဂန္တဝင်ဘောလုံးကြယ်ပွင့်မိုဒရစ်
လာမယ့်စက်တင်ဘာလအတွင်း အသက် ၄၁ နှစ်ပြည့်မြောက်မယ့် အေစီမီလန်ကွင်းလယ်ကစားသမားမိုဒရစ်က အသင်းနဲ့အတူ နောက်ထပ်တစ်နှစ် အတူရှိနေဖို့ စာချုပ်သက်တမ်းကို တိုးမြှင့်လိုက်ပါတယ်။
ခရိုအေးရှားကြယ်ပွင့်က ယမန်နှစ်နွေရာသီ၊ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲပြီးနောက် အေစီမီလန်ဆီ သက်တမ်းတိုးခွင့်ပါဝင်တဲ့ တစ်နှစ်စာချုပ်ဖြင့် ရောက်ရှိလာခဲ့ပါတယ်။
ဘာနေဗျူးမှာ ၁၃ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ မိုဒရစ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အေစီမီလန်အတွက် ၃၇ ပွဲပါဝင်ကစားခဲ့ပြီး နှစ်ဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ အေစီမီလန်အသင်းကတော့ စီးရီးအေပြိုင်ပွဲမှာ အဆင့်-၅၊ ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း ၁၆ သင်းရှုံးထွက်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
"အေစီမီလန်မှာ ဆက်နေခွင့်ရရှိလို့ အလွန်စိတ်လှုပ်ရှားမိပါတယ်။ ဒီကို စရောက်ချိန်ကတည်းက ပရိသတ်တွေရဲ့ နွေးနွေးထွေးထွေးကြိုဆိုမှုနဲ့ ချစ်ခင်မှုတို့ကို ကျွန်တော် ရရှိခဲ့ပါတယ်" လို့ မိုဒရစ်က စာချုပ်သစ်ချုပ်ဆိုမှုနဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ မျှော်မှန်းထားသလောက် ဖြစ်မလာခဲ့ပေမဲ့ အခုတော့ အကောင်းဆုံးပုံစံနဲ့အတူ ပြန်လာချင်တဲ့ စိတ်ဆန္ဒတွေ အပြည့်ရှိနေပါပြီ။ ရာသီသစ်၊ စိန်ခေါ်မှုအသစ်တွေက ကျွန်တော်တို့ကို စောင့်ကြိုနေပါပြီ။ ကျွန်တော်ယုံကြည်တဲ့ စီမံကိန်းတစ်ခုကြောင့် ကျွန်တော့်အတွက် စိတ်အားတက်ကြွမှုတွေ ရှိနေပါတယ်။ ဒီအသင်းအတွက် ကျွန်တော် အစွမ်းကုန် ထပ်ပြီးပေးဆပ်သွားပါမယ်။ ဒီအသင်းရဲ့ဂျာစီကို ဝတ်ဆင်ရတယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာပါ။ ဆန်စီရိုကွင်းဆီ ပြန်သွားပြီး ပရိသတ်တွေရဲ့အားပေးသံကို ကြားချင်လှပါပြီ" လို့ သူက ဆိုပါတယ်။
မိုဒရစ်က သူ့အတွက် ပဉ္စမမြောက်အဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ခရိုအေးရှားနဲ့အတူ ၃၂ သင်းရှုံးထွက်အဆင့်မှာ ပေါ်တူဂီကို ရှုံးနိမ့်ပြီး ထွက်ခွာလာရပါတယ်။ ၂၀၁၆ ခုနှစ်၊ လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် မိုဒရစ်တာဝန်ယူပြီးနောက် ခရိုအေးရှားက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ငွေတံဆိပ်တစ်ကြိမ်၊ ကြေးတံဆိပ်တစ်ကြိမ် ရရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် ၂၀၁၈ ဘော်လွန်းဒီအော်ဆုရှင်က ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ခြောက်ကြိမ်၊ လာလီဂါချန်ပီယံဆု လေးကြိမ် ရယူခဲ့ဖူးသလို တော့တင်ဟမ်အတွက်လည်း လေးနှစ်တာကာလအတွင်း ပြိုင်ပွဲစုံပွဲ ၁၆၀ အထိ ပါဝင်ကစားခဲ့ပါတယ်။