မိုဒရစ်မှာ အသက် ၄၂ နှစ်ကျော်လွန်ချိန်အထိ ဘောလုံးကစားနိုင်စွမ်းရှိတယ်လို့ သံသယမရှိယုံကြည်နေတဲ့ ခရိုအေးရှားဂန္တဝင်ဆူကာ
ခရိုအေးရှားဂန္ထဝင်ကစားသမားဒါဗာဆူကာက လက်ရှိအသင်းခေါင်းဆောင်လူကာမိုဒရစ်ကို ယူရို ၂၀၂၈ ပြိုင်ပွဲမှာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ဦးဆောင်ပေးသွားဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စက်တင်ဘာလအစောပိုင်းမှာ အသက် ၄၁ နှစ်ပြည့်ခဲ့တဲ့ မိုဒရစ်က ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ကွင်းမှာ ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ခရိုအေးရှားရဲ့နေရှင်းလိဂ်အဖွင့်ပွဲစဉ်ကို သူ့အတွက် ၂၀၃ ကြိမ်မြောက် လက်ရွေးစင်အဆင့်ပွဲစဉ်အဖြစ် ပါဝင်ကစားရင်း ဂိုးသွင်းယူခဲ့ပါတယ်။
အေစီမီလန်ကွင်းလယ်ဖန်တီးရှင်က ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် တစ်ဆင့်ပြီးတစ်ဆင့် ရှေ့ဆက်သွားဖို့ ရည်မှန်းထားသလို ခရိုအေးရှားလက်ရွေးစင်အသင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့အစီအစဉ်တွေကိုလည်း အပြုသဘောဆောင်တဲ့အမြင်မျိုး ရှိထားပါတယ်။
ကမ္ဘာ့ချန်ပီယံ စပိန်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်ခင် ဆူကာက မိုဒရစ်မှာ အနည်းဆုံးနောက်ထပ်လအနည်းငယ်လောက်အထိ ဘောလုံးဆက်ကစားသွားဖို့ အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆူကာက "မိုဒရစ်က ထိပ်တန်းအဆင့်မှာ ဆက်ကစားနိုင်စွမ်း ရှိသေးတယ်ဆိုတာကို ပြသထားပြီးပါပြီ။ ကျွန်တော်တို့လူစာရင်းထဲမှာ မယုံနိုင်စရာကောင်းလောက်တဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ကျွန်တော်ကတော့ ဂိုးမရှိသရေပွဲတွေကို မကြိုက်လို့ စပိန်နဲ့ပွဲစဉ်မှာ ဂိုးတွေ မြင်တွေ့ရဖို့ မျှော်လင့်ပါတယ်"
"စပိန်က ဗိုလ်စွဲဖို့ ရေပန်းစားနေပေမဲ့ ခရိုအေးရှားလူမျိုးတစ်ဦးအဖြစ် ကိုယ့်ရဲ့နိုင်ငံကိုပဲ အနိုင်ရစေချင်ပါတယ်။ သူတို့ဆီမှာ အံ့ဩစရာကောင်းတဲ့ အသင်း၊ နည်းပြကောင်းနဲ့ ရည်မှန်းချက်တွေ ရှိနေပါတယ်။ သူတို့တွေ ပေါ့ပေါ့ဆဆကစားပေးဖို့ မျှော်လင့်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို လူတွေ အထင်သေးချိန်တိုင်းမှာ ကျွန်တော်တို့ဘက်က ပိုပြီး အစွမ်းပြလေ့ရှိပါတယ်" လို့ ဆိုပါတယ်။