နယူးကာဆယ်နည်းပြဘဝပွဲဦးထွက်မှာ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းရဲ့ မယုံကြည်နိုင်စရာအားပေးမှုအပေါ် အံ့ဩမှင်သက်နေတဲ့ ဂျေဆဲလ်
သြဂုတ် ၂၃ ရက်၊ လီဗာပူးနဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မာသီးယက်စ်ဂျေဆဲလ်က နယူးကာဆယ်နည်းပြဘ၀ ပထမဆုံးတရားဝင်ပွဲစဉ်အဖြစ် စတင်ကိုင်တွယ်ခဲ့ပါတယ်။
အခုပွဲစဉ်မတိုင်ခင် နယူးကာဆယ်နဲ့ လီဗာပူးတို့က ကွယ်လွန်သူကီဗင်ကီးဂန်းအတွက် ဂုဏ်ပြုဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပြီး စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းအတွင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားသွားကြပါတယ်။
ကီဂန်းက ကစားသမားအဖြစ် နယူးကာဆယ်မှာရော၊ လီဗာပူးမှာပါ ကျင်လည်ခဲ့ဖူးသလို နယူးကာဆယ်ကိုလည်း နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ကင်ဆာဝေဒနာနဲ့ ကာလရှည်တိုက်ပွဲဝင်ခဲ့ရပါတယ်။ သူက ပြီးခဲ့တဲ့လအတွင်း အသက် ၇၅ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် ဂျာမန်လူမျိုးနည်းပြဂျေဆဲလ်က ပြိုင်ဘက်ရဲ့ပွဲချိန်နောက်ဆုံးမိနစ်ချေပဂိုးကြောင့် သူ့ရဲ့ကစားသမားတွေ စိတ်ဓါတ်အနည်းငယ်ကျဆင်းနေခဲ့ကြတယ်လို့ ဝန်ခံခဲ့ပါတယ်။
"သူတို့ရဲ့စိတ်ဓာတ်ပိုင်း အနည်းငယ်ကျဆင်းနေခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ခဲ့ရတယ်ဆိုတာ သိသလို လက်ရှိမှာ ကျွန်တော်တို့က အဓိက အပြောင်းအလဲကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်" လို့ ဂျေဆဲလ်က ပြောကြားခဲ့ပါတယ်။
ပြိုင်ဘက်အသင်းပင်နယ်တီရရှိခဲ့မှုနဲ့ပတ်သက်လို့ ဂျေဆဲလ်က " ဒီပယ်နယ်တီဆုံးဖြတ်ချက်က ပြင်းထန်လွန်းပါတယ်။ အဲ့ဒီလောက်ထိ မလိုပါဘူး။ အနာဂတ်မှာ ဒီလိုပယ်နယ်တီမျိုးတွေ ပိုရှိလာပါလိမ့်မယ်။ ဒါမျိုးကို ကျွန်တော် သဘောမကျပါဘူး"လို့ တုံ့ပြန်ပါတယ်။
အသင်းရဲ့အကူးအပြောင်းကာလအပေါ် နယူးကာဆယ်နည်းပြက "ရဲတင်းလွန်းတဲ့ စီမံကိန်းတစ်ခုဖြစ်ပေမဲ့ ကျွန်တော်ကတော့ စိန်ခေါ်မှုတွေကို သဘောကျပါတယ်။ လူငယ်တွေနဲ့ လက်တွဲလုပ်ဆောင်ရပြီး သူတို့တွေလည်း ပင်ပန်းခဲ့ကြပါတယ်။ မိုင်လေဆိုရင်လည်း ဒဏ်ရာမှ ပြန်သက်လာလာခါစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ လူငယ်ကစားသမားတွေကိုယ်တိုင် တကယ့်ကိုကောင်းမွန်တဲ့အလုပ်တွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါက လိဂ်နဲ့ အသားကျဖို့အတွက်ပဲ ဖြစ်ပါတယ်"လို့ သုံးသပ်ပါတယ်။
ပရီးမီးယားလိဂ်နဲ့ပတ်သက်လို့ ဘယ်လိုကွာခြားမှုမျိုး ရှာဖွေတွေ့ရှိခဲ့သလဲဆိုတဲ့ မေးခွန်းကို ဂျေဆဲလ်က "ဒီမှာ ပရိသတ်တွေက မယုံနိုင်စရာကောင်းလောက်အောင် အားပေးကြပြီး ကွင်းတွင်းခြေစွမ်းအရည်အသွေးလည်း တကယ့်ကို မြင့်မားပါတယ်။ အပြောင်းအလဲတိုင်းက ပွဲအဖြေကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိပြီး ဒါကို ကျွန်တော် တကယ်သဘောကျမိပါတယ်။
ကျွန်တော်တို့က ပွဲချဉ်းကပ်မှုပုံစံနဲ့ပတ်သက်လို့ ရှင်းလင်းပြတ်သားသလို အကြိုလေ့ကျင့်ပြင်ဆင်ထားနိုင်မယ်ဆိုရင် ပွဲအတွင်းမှာလည်း လိုအပ်သလို ပြောင်းလဲအသုံးပြုနိုင်ပါတယ်" လို့ ဆိုပါတယ်။
နောက်ထပ် အပြောင်းအရွှေ့လှုပ်ရှားမှုတွေ ရှိလာနိုင်မလားဆိုတဲ့အပေါ် ဂျေဆဲလ်က "ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီနေ့မှာ ကောင်လေးတွေ တကယ့်ကို ကောင်းမွန်ခဲ့ကြပြီး လူငယ်အခြေပြုအသင်းတစ်ခုအတွက် အသင်းအတွင်းပိုင်းမှာ လိုအပ်ချက်တချို့ရှိနေဆဲ ဖြစ်ပါတယ်။ အဲ့ဒါတွေကိုတော့ ထုတ်ဖော်ပြောလို့မရပါဘူး။ လိုအပ်ချက်ဆိုတာလည်း များများစားစားမရှိဘဲ လက်ချိုးရေတွက်လို့တောင် ရနိုင်ပါတယ်" လို့ ပြောပါတယ်။