နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ယူပြီးနောက် စိတ်ကြီးမဝင်ကြဖို့ ကိုဗင်ထရီဆီ လမ်းပတ်တိုက်တွန်း
နယူးကာဆယ်ကို ၄-၁ ဂိုးဖြင့် စွဲမက်ဖွယ်အနိုင်ယူခဲ့တဲ့ တနင်္လာနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး စိတ်လှုပ်ရှားလွင့်မျောမသွားကြဖို့ သူ့ရဲ့အသင်းသားတွေကို ကိုဗင်ထရီနည်းပြဖရန့်လမ်းပတ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
ရူဒိုနီ၊ ချာရစ်ဖ်၊ အဲလစ်ဆင်းမ်စ်နဲ့ အမ်ဖူနီတို့ရဲ့ သွင်းဂိုးတွေကြောင့် ကိုဗင်ထရီက ၂၅ နှစ်တာကာလအတွင်း ပထမဆုံးပရီးမီးယားလိဂ်အိမ်ကွင်းနိုင်ပွဲကို ရရှိခဲ့ပါတယ်။
လမ်းပတ်ရဲ့အသင်းက ခြောက်ပွဲကစား၊ ခြောက်မှတ်ဖြင့် မန်ချက်စတာယူနိုက်တက်နဲ့ အမှတ်တူ၊ အဆင့် ၁၄ နေရာဆီ တက်လှမ်းလာခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးသုံးသင်းစာရင်းမှ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် လမ်းပတ်က ဒီရလဒ်အပေါ် စိတ်လှုပ်ရှားသာယာမနေသင့်သလို စိတ်ကြီးမဝင်ရဘူးလို့လည်း ပြောကြားခဲ့ပါတယ်။
"ဒီနေ့မှာ ကျွန်တော်တို့က ကြီးမားတဲ့ ခွန်အားနဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပြီး ဒါကို အကောင်းဆုံး အသုံးချသွားရပါမယ်" လို့ သူက ပြောပါတယ်။
"ကံတရားအနည်းငယ်လည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေက ဒါကို လုပ်ဆောင်နိုင်ခဲ့ကြတယ်။ အရည်အသွေးမြင့်သွင်းဂိုးတွေ ရရှိခဲ့ပါတယ်။ တစ်ခါတလေမှာ ဒါက ထိုက်တန်မှု ရှိနေရပါမယ်"
"အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ခဲ့တာက အဓိက သော့ချက်ပါပဲ။ နှစ်ဂိုးဆိုတာ ဘယ်တော့မှ မလုံလောက်တာကြောင့် စိုးရိမ်စရာ ကောင်းခဲ့ပါတယ်။ ပြိုင်ဘက်က ကျွန်တော်တို့ကို ပြဿနာတွေ ဖန်တီးခဲ့ပါတယ်။ အဲဒီအခိုက်အတန့်တွေမှာ ပွဲစဉ်အပေါ် ဆက်အာရုံစိုက်ထားနိုင်ခဲ့ပြီး တတိယဂိုးကလည်း စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ကျွန်တော်တို့အတွက် ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ်" လို့ ပြောပါတယ်။
ချာရစ်ဖ်၊ အမ်ဖူနီတို့နဲ့ ပတ်သက်ပြီး လမ်းပတ်က "သူတို့ရဲ့ စိတ်နေသဘောထားနဲ့ ကစားပုံက ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ သူတို့က သင်ယူလိုစိတ် ရှိကြသလို အသင်းနဲ့လည်း အလျင်အမြန် အသားကျခဲ့ကြပါတယ်။ အမ်ဖူနီလည်း ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာပါလိမ့်မယ်။ ကံဆိုးတာကတော့ သူက ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကစားသမား မဟုတ်တာပါပဲ။ သူက မယုံကြည်နိုင်စရာ ရင့်ကျက်မှုကို ပြသခဲ့ပါတယ်"
"ဒီလိဂ်ပြိုင်ပွဲဆိုတာ အလွန်ခက်ခဲတာကြောင့် ကျွန်တော်တို့ စိတ်ကြီးဝင်လို့ မရပါဘူး။ အောင်မြင်သွားပြီလို့ တွေးလိုက်ချိန်မှာပဲ တကယ်တမ်း မအောင်မြင်သေးပါဘူး"
"ခံစားချက်ကောင်းမွန်ပေမဲ့ အလွန်အမင်း စိတ်မလှုပ်ရှားကြပါနဲ့။ ဒီအခိုက်အတန့်ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်ပါ" လို့ ဆိုပါတယ်။