နယ်သာလန်နည်းပြသစ်အဖြစ် ဗွေဆော်ဦးပွဲစဉ်မှာတင် ကလော့ပ်ရဲ့ဂျာမနီနဲ့ ရင်ဆိုင်သွားမယ့် ဘာစီလိုနာဂန္တဝင်ဇာဗီ
ဇာဗီဟာနန်ဒက်ဇ်က ရော်နယ်ကိုးမန်းရဲ့နေရာကို အစားထိုးဝင်ရောက်ပြီး နယ်သာလန်လက်ရွေးစင်အသင်းရဲ့နည်းပြသစ် ဖြစ်လာပါတယ်။ ဘာစီလိုနာကွင်းလယ်ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဇာဗီကို အခုလိုရွေးချယ်မှုကြောင့် အားလုံးအတွက် အံ့အားသင့်စရာ ဖြစ်လာခဲ့ပါတယ်။ ယမန်နေ့(ဗုဒ္ဓဟူးနေ့)အစောပိုင်းအချိန်တွေအထိ ဘယ်လ်ဂျီယံနဲ့ ပေါ်တူဂီနည်းပြဟောင်းရော်ဘတ်တိုမာတီနက်ဇ်က နယ်သာလန်နည်းပြသစ်ဖြစ်လာမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
စပိန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရော၊ ယူရိုဖလားပါ ရရှိခဲ့တဲ့ ဇာဗီက ဘာစီလိုနာမှာ အံ့ဩစရာကောင်းတဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ဘလွန်းဒီအောဆုအတွက် ဆန်ကာတင်စာရင်းမှာ သုံးကြိမ်တိတိ တတိယနေရာ ရရှိခဲ့ဖူးပါတယ်။ နည်းပြဘဝမှာလည်း ကာတာကလပ် အယ်လ်ဆတ်ဒ်နဲ့ ဘာစီလိုနာအသင်းတွေမှာ ပြည်တွင်းဖလားနှစ်လုံးစီ ရယူပေးနိုင်ခဲ့ပါတယ်။
ကံကြမ္မာရဲ့အလှည့်အပြောင်းအရ ယာဂန်ကလော့ပ်နဲ့ ဇာဗီတို့က သူတို့ရဲ့ပထမဆုံး လက်ရွေးစင်နည်းပြဘဝပွဲဦးထွက်မှာတင် ထိပ်တိုက်တွေ့ဆုံကြပါတော့မယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၃၂ သင်းရှုံးထွက်အဆင့်မှာ ပါရာဂွေကို မမျှော်လင့်ဘဲ ရှုံးနိမ့်ပြီးနောက် နာဂယ်စ်မန်းရဲ့နေရာမှာ ယာဂန်ကလော့ပ် အစားထိုးဝင်ရောက်လာပါတယ်။
နယ်သာလန်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ပြီး ပြိုင်ပွဲမှ စောစောစီးစီးထွက်ခွာလာရပြီး စိတ်ပျက်စရာ ကမ္ဘာ့ဖလားခရီးစဉ်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဇာဗီနဲ့ ယာဂန်ကလော့ပ်တို့ ထိပ်တိုက်တွေ့ဆုံမယ့် နေးရှင်းလိဂ်အဖွင့်ပွဲစဉ်ကိုတော့ စက်တင်ဘာ ၂၄ ရက်၊ ဂျိုဟန်ခရိုက်ဖ်အရီနာကွင်းမှာ ကျင်းပသွားပါမယ်။