The network connection is lost.

Banner Image

အီရာအိုလာအပေါ် ယုံကြည်မှုအပြည့်အ၀ပေးထားတဲ့ လီဗာပူးဂန္တဝင်အီယန်ရပ်ရှ်

လီဗာပူးနည်ပြသစ်အီရာအိုလာက ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ဘောလုံးရာသီရဲ့ အစောပိုင်းကာလတွေမှာပဲ အရေးကြီးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လီဗာပူးက အခြားပြိုင်ဘက်အသင်းတွေထက် ငွေကြေးသုံးစွဲမှု အလွန်နည်းပါးနေပြီး အန်ဖီးလ်ကွင်းဆီ ဗစ်တာမူနော့ဇ်နဲ့ ဂျရမီဂျက်ကွက်တို့ကိုပဲ အသစ်ခေါ်ယူထားပါတယ်။

ဒါပေမဲ့လည်း အီရာအိုလာအပေါ် ပရိသတ်တွေရဲ့ယုံကြည်မှုကတော့ မြင့်မားနေဆဲပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီစပိန်လူမျိုးနည်းပြက ပြီးခဲ့တဲ့ဇွန်လ၊ အန်းစလော့ရဲ့နေရာကို အစားမဝင်ခင် ဘုန်းမောက်အသင်းကို သုံးရာသီဆက်တိုက် တိုးတက်လာအောင် စွမ်းဆောင်ပြခဲ့လို့ ဖြစ်ပါတယ်။

အီရာအိုလာကိုယ်တိုင်လည်း သြဂုတ်လကုန် အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ထပ်မံခေါ်ယူဖို့ ရှိနေပါတယ်။ လတ်တလောမှာ ကြိုးကြာနီတွေက ဘာစီလိုနာနောက်ခံလူအရူဂျိုကို အငှားဖြင့်ခေါ်ယူဖို့ လုပ်ဆောင်နေပြီး လီဗာပူးဂန္ထဝင်အီယန်ရပ်ရှ်ကိုယ်တိုင်လည်း နည်းပြသစ်အပေါ် ယုံကြည်မှု အပြည့်အ၀ရှိနေပါတယ်။

"ပထမ ၄ ပွဲ၊ ၅ ပွဲလောက်က တကယ်ကို အရေးကြီးပါတယ်။ အစကောင်းနိုင်မယ်ဆိုရင် ဒါက လူတိုင်းကို ယုံကြည်မှု တိုးပွားစေပြီး ပိုပြီးအောင်မြင်လာအောင် လုပ်ပေးနိုင်ပါလိမ့်မယ်" လို့ အီယန်ရပ်ရှ်က ဆိုပါတယ်။

"ပရီးမီးယားလိဂ်ချန်ပီယံဆုရယူဖို့ဆိုတာ လီဗာပူးအသင်းရဲ့ အမြဲတမ်းစံနှုန်းတစ်ခု ဖြစ်ပါတယ်။ အီရာအိုလာကိုတော့ အချိန်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ ဖလားတစ်လုံးရရင်တော့ တကယ်ကောင်းတာပေါ့။ ဒါပေမဲ့ သူ့ကို အချိန်ပေးမယ်ဆိုရင် သူ သေချာပေါက် အောင်မြင်အောင် လုပ်ပြနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"ကျွန်တော်တို့ဆီမှာ ဒဏ်ရာမှပြန်လာမယ့် ကစားသမားတွေလည်း ရှိနေလို့ သူတို့သာ ကြံ့ခိုင်မှုပြည့်ဝလာမယ်ဆိုရင် အဆင်ပြေသွားနိုင်ပါတယ်။ အပြောင်းအရွှေ့အတွက်လည်း သီတင်းပတ်အနည်းငယ် ကျန်သေးလို့ ဘာတွေဖြစ်လာမလဲဆိုတာ ဆက်ကြည့်ကြတာပေါ့" လို့ အီယန်ရပ်ရှ်က ပြောကြားခဲ့ပါတယ်။