မန်စီးတီးမျက်စိကျနေတဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့်မားကတ်စ်ကို ရောင်းချဖို့အတွက် ဘာစီလိုနာ လမ်းဖွင့်ထား
ဘာစီလိုနာအသင်းက မန်စီးတီးအသင်းစိတ်ဝင်စားနေတဲ့ လူငယ်ကွင်းလယ်လူတော်မီမားကတ်စ်ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
Mundo Deportivo သတင်းဌာနရဲ့ဖော်ပြချက်အရ အသက် ၁၉ နှစ်အရွယ်ကစားသမားက အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာပဲ ဘာစီလိုနာအသင်းမှ ထွက်ခွာဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဘက်ကတော့ မားကတ်စ်ကို အသင်းမှထွက်ခွာခွင့်ပေးဖို့အတွက် ကစားသမားနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက နောက်ပိုင်းမှာ ပြန်လည်ဝယ်ယူခွင့် (buyback clause) ကိုတော့ စာချုပ်ထဲမှာ ထည့်သွင်းချင်နေပါတယ်။
မန်စီးတီးအသင်းကလည်း မားကတ်စ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပြီး၊ ခေါ်ယူပြီးရင်တော့ အသင်းကြီးအတွေ့အကြုံတွေ ရရှိစေဖို့အတွက် သူတို့ရဲ့မဟာမိတ်ဖြစ်တဲ့ ဂျီရိုနာအသင်းဆီကို အငှားစေလွှတ်သွားပါလိမ့်မယ်။
မန်စီးတီးကြယ်ပွင့်ရိုဒရီကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘာစီလိုနာအသင်းကြောင့် မားကတ်စ်ရဲ့အနာဂတ်အပေါ် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ လက်ရှိမှာတော့ ဘရာဂါအသင်းကလည်း ဒီလူငယ်ကစားသမားလေးကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။