ဘာစီလိုနာနောက်ခံလူအရူဂျိုကို အံ့အားသင့်ဖွယ် အငှားဖြင့်ခေါ်ယူမယ့် လီဗာပူး
လီဗာပူးအသင်းက ဘာစီလိုနာနောက်ခံလူရော်နယ်အာရူဂျိုကို အငှားဖြင့်ခေါ်ယူဖို့အတွက် အံ့အားသင့်ဖွယ် သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဆီ ကိုနာတေး ထွက်ခွာသွားပြီးနောက် လီဗာပူးရဲ့ခံစစ်ပိုင်းမှာ လူအင်အား နည်းပါးနေတယ်ဆိုတာ အားလုံးသိပြီးသားပါ။ လက်ရှိမှာတော့ ဗန်ဒိုက်နဲ့ ဂျရမီဂျက်ကွက်တို့နှစ်ဦးပဲ အသုံးပြုလို့ရမယ့် အနေအထားမှာ ရှိနေပါတယ်။
အသင်းခေါင်းဆောင်ဗန်ဒိုက်ကတော့ အခုလအစောပိုင်း၊ အမေရိကန်ခရီးစဉ်မှ အသင်းပြန်ရောက်လာချိန် ရာသီကြိုလေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ဂျက်ကွက်က ပြင်းထန်ပုခုံးဒဏ်ရာကနေ ပြန်လာခါစပဲ ရှိသေးလို့ ကြံ့ခိုင်မှု အပြည့်အဝရရှိဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဂျီယိုဗန်နီလီယိုနီကလည်း ဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်တွေကို လွဲချော်ဖို့ရှိသလို ဂျိုးဂိုးမက်ဇ်ကလည်း ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဒဏ်ရာထပ်မံရရှိသွားလို့ အနားယူနေရပါတယ်။
အခုတော့ နာမည်ကျော် သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ လီဗာပူးအသင်းက ခံစစ်ပိုင်းဒဏ်ရာပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဘာစီလိုနာနောက်ခံလူအရူဂျိုကို အငှားဖြင့်ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပါတယ်။
အသက် ၂၇ နှစ်အရွယ်အရူဂျိုက ဘာစီလိုနာအသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပြီး ယမန်နှစ်ဘောလုံးရာသီ၊ လာလီဂါ ၂၄ ပွဲမှာ ၁၁ ပွဲသာ ပွဲထွက်ကစားခွင့် ရရှိခဲ့ပါတယ်။