ရိုဒရီ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာ နီကိုဂွန်ဇာလက်ဇ်ကတော့ မန်စီးတီးမှာပဲ ဆက်နေမယ်လို့ အတည်ပြု
မန်စီးတီးအသင်းက အခုနွေရာသီအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင် အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ စပိန်အသင်းခေါင်းဆောင် ရိုဒရီကို ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ ဘာစီလိုနာရဲ့ ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းမှုကိုတော့ မန်စီးတီးဘက်က ပယ်ချထားပြီးသားပါ။
ရိုဒရီက မန်စီးတီးနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ရောက်ရှိနေလို့ ၂၀၂၇ ခုနှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာမသွားရအောင် အခုကာလမှာပဲ ရောင်းချဖို့ အသင်းဘက်က ဆုံးဖြတ်နိုင်ပါတယ်။
မန်စီးတီးအတွက် အခုလအတွင်းမှာ အစားထိုးကစားသမားသစ် ခေါ်ယူနိုင်ဖို့ အလားအလာနည်းနေလို့ ပေါင် ၁၁၆ သန်းဖြင့် ခေါ်ထားတဲ့ အန်းဒါဆန်နဲ့ လက်ရှိပိုင်ဆိုင်ထားတဲ့ နီကိုဂွန်ဇာလက်ဇ်တို့ကိုပဲ နည်းပြ အန်ဇိုမာရက်စကာ ပိုပြီး အာရုံစိုက်လာရတော့မယ်။
ဘာစီလိုနာကစားသမားဟောင်းဂွန်ဇာလက်ဇ်က ပြီးခဲ့တဲ့ရာသီမှာ ရိုဒရီနဲ့ အခုထွက်ခွာသွားပြီဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားတို့ရဲ့အရံအဖြစ် ပရီးမီးယားလိဂ်မှာ ၁၇ ပွဲသာ ပါဝင်ကစားခဲ့ရပါတယ်။ ဒါပေမဲ့ သူကတော့ တခြားကမ်းလှမ်းမှုတွေကို ငြင်းပယ်ပြီး အသင်းမှာ နေရာရရှိဖို့အတွက် ဆက်လက်တိုက်ပွဲဝင်မယ်လို့ ဆုံးဖြတ်ထားပါတယ်။
"ကျွန်တော် ဒီမှာ ပျော်ပါတယ်။ အသင်းမှ ထွက်မသွားချင်သလို အသင်းကလည်း ကျွန်တော့်ကို ဆက်နေစေချင်တယ်လို့ ထင်ပါတယ်။ တခြားဘာသတင်းမှတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမဲ့ ဒီမှာ ပျော်နေတာတော့ အမှန်ပါပဲ" လို့ ဂွန်ဇာလက်ဇ်က ဆိုပါတယ်။
အခုရာသီကြိုကာလမှာ ဂွန်ဇာလက်ဇ်က အင်တာမီလန်၊ K-League XI တို့နဲ့ ခြေစမ်းပွဲနှစ်ခုလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။ သူက မနက်ဖြန်၊ ဆိုးလ်မြို့မှာ ကစားမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာလည်း ပွဲထွက်ကစားဖို့ အခြေအနေကောင်းနေပါတယ်။