အမ်ဘာပေက မက်ဆီနဲ့ ရော်နယ်ဒိုတို့အဆင့်အတန်းကို မီနိုင်မှာမဟုတ်ဘူးလို့ ဒွိုက်ယော့ခ် အခိုင်အမာပြော
မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာ ဂန္ထဝင်ကစားသမားဟောင်း ဒွိုက်ယော့ခ်က ကိုင်လီယန် အမ်ဘာပေရဲ့ အောင်မြင်မှုမှတ်တမ်းတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းနည်းပြ ဒီဒီယာဒေးရွှန့်ကတော့ တိုက်စစ်မှူး အမ်ဘာပေဟာ ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေပြီဖြစ်ပြီး အင်္ဂါနေ့မှာ ကစားမယ့် စပိန်နဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်တော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါဟာ ဗိုလ်လုပွဲတက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ပြင်သစ်အသင်းအတွက် အားတက်စရာ သတင်းကောင်းတစ်ခုပါပဲ။
အမ်ဘာပေဟာ ၆ ပွဲကစားထားရာမှာ ၈ ဂိုး သွင်းယူထားပြီး ဂိုးပါဝင်ပတ်သက်မှု ၁၁ ကြိမ်အထိ ရှိထားတာကြောင့် ဗုဒ္ဓဟူးနေ့ညမှာ အင်္ဂလန်နဲ့ ရင်ဆိုင်ရမယ့် လီယွန်နယ်မက်ဆီ အပါအဝင် တခြားဘယ်ကစားသမားထက်မဆို ပိုပြီး စွမ်းဆောင်နိုင်ထားတာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟာ သူ့နိုင်ငံအတွက် အံ့ဩစရာကောင်းလောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပေမဲ့ ဒွိုက်ယော့ခ်ကတော့ အမ်ဘာပေဟာ ဘယ်လောက်ပဲ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိနေပါစေ၊ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုတို့နဲ့ နှိုင်းယှဉ်ဖို့ ဖြစ်လာမှာမဟုတ်ဘူးလို့ BOYLE Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"ကျွန်တော့်အမြင်အရတော့ အမ်ဘာပေဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေအဖြစ် သတ်မှတ်ခံထားရတဲ့ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ကို မီဖို့အတွက် နည်းနည်းတော့ လိုနေပါသေးတယ်။ ဒါပေမဲ့ သူဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာတော့ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် မှတ်တမ်းဝင်သွားလိမ့်မယ်လို့ ထင်ပါတယ်" လို့ ယော့ခ်က ဆိုပါတယ်။
"အဲဒါကတော့ ကွာခြားချက်ရှိပါတယ်။ သူဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ဖြစ်ချင်မှဖြစ်မယ်၊ ဒါပေမဲ့ ထိပ်တန်း ၅ ယောက်စာရင်းထဲမှာတော့ သေချာပေါက် ပါဝင်လာမှာပါ။ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံရဖို့ဆိုရင် ချန်ပီယံလိဂ်မှာ နှစ်စဉ် အဆင့်မြင့်ဆင့်တွေအထိ ရောက်ပြီး ဖလားရယူနိုင်ရမယ်၊ ဘလွန်ဒေါ (Ballon d’Or) ဆုတွေအားလုံးကို သိမ်းပိုက်နိုင်ရမယ်၊ နောက်ထပ် အနည်းဆုံး ၄ နှစ်လောက်အတွင်းမှာ ဒါတွေကို သူလုပ်ပြနိုင်မှသာ အကောင်းဆုံးကစားသမားဖြစ်ဖို့ လမ်းကြောင်းပေါ် ရောက်လာမှာပါ" လို့ သူက ဆက်ပြောပါတယ်။
"ဒါပေမဲ့ သူဟာ သူ့ရဲ့ အံ့မခန်း ခြေစွမ်းတွေ၊ လှုပ်ရှားမှုတွေ၊ ဖန်တီးမှုတွေနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေကြောင့် ကမ္ဘာ့ဖလားကိုတော့ တကယ်ပဲ တောက်ပစေခဲ့ပါတယ်။ ဒါတွေက တကယ့်ကို ထူးထူးခြားခြားပါပဲ" လို့လည်း ဆိုပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ရာသီတစ်ခုအပြီးမှာတော့ အမ်ဘာပေဟာ ဘလွန်ဒေါဆုအတွက် ရေပန်းစားတဲ့စာရင်းထဲမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီညမှာ စပိန်နဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ အနိုင်ရပြီး ကမ္ဘာ့ဖလားသာ ရရှိခဲ့မယ်ဆိုရင်တော့ အခြေအနေတွေက ပြောင်းလဲသွားနိုင်ပါတယ်။