The network connection is lost.

Banner Image

အောင်မြင်မှုတွေ ပြန်ရရှိလာဖို့ စပိန်ကို အတုခိုးစရာ မလိုဘူးလို့ ဂျာမနီအသင်းဆီ ဖိလစ်လမ်းအကြံပြု

ဂျာမနီလက်ရွေးစင်အသင်းအတွက် အောင်မြင်မှုတွေ ပြန်ရရှိနိုင်စေဖို့ စပိန်အသင်းကို အတုခိုးနေစရာ မလိုဘူးလို့ ဂျာမနီနောက်ခံလူဟောင်းဖိလစ်လမ်းက ပြောကြားလိုက်ပါတယ်။

Kicker.de မှာ ရေးသားဖော်ပြတဲ့ ကိုယ်ပိုင်ဆောင်းပါးမှာ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဖိလစ်လမ်းက"ကျွန်တော်တို့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ကိုယ်ပိုင်ဟန် (identity) ကို ပြန်ပြီး ရှာဖွေဖို့ လိုအပ်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။ 

"စပိန်အသင်းရဲ့ဘောလုံးပိုင်ဆိုင်မှုအပေါ် အခြေခံတဲ့ကစားဟန်ကို လိုက်ပြီး အတုခိုးနေဖို့ မလိုပါဘူး၊ ကျွန်တော်တို့မှာ ကိုယ်ပိုင်အားသာချက်တွေ ရှိပြီးသားပါ။ စနစ်ကျတဲ့ ခံစစ်၊ ခန္ဓာကိုယ်အားပြုပြီး မလျှော့တမ်းကစားတဲ့ ဘောလုံးကစားဟန်၊ အဲဒီနောက်မှာမှ တိုက်စစ်ဆင်တာ... ဒါတွေကပဲ ကျွန်တော်တို့ လက်ရွေးစင်အသင်းကို အစဉ်အလာအရ အဓိပ္ပာယ် ဖွင့်ဆိုပေးခဲ့ပါတယ်"

"ကျွန်တော်တို့ အဲဒီပုံစံအတိုင်းပဲ ပြန်သွားသင့်ပါတယ်။ ကစားသမားတစ်ဦးချင်းစီရဲ့ တာဝန်နဲ့ ကစားကွက်ကို သေသေချာချာသတ်မှတ်ပေးဖို့လိုအပ်ပြီး ဒါမှလည်း လေ့ကျင့်ခန်းဆင်းချိန်ရော၊ ပွဲကစားချိန်မှာပါ ခြေစွမ်း တည်ငြိမ်လာပါလိမ့်မယ်။ ပြီးတော့ တစ်စုံတစ်ဦး ခြေစွမ်းမပြနိုင်တာ ဆက်တိုက်ဖြစ်နေမယ်ဆိုရင် လူအပြောင်းအလဲလုပ်တာမျိုးတွေ လုပ်သွားရပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

"ဒီအချက်တွေကိုသာ ကျွန်တော်တို့ ပြတ်ပြတ်သားသားနဲ့ တည်တည်ငြိမ်ငြိမ် ပြန်လုပ်နိုင်မယ်ဆိုရင်တော့ အခုလို အချိန်အကြာကြီးဖြစ်နေတဲ့ ကျဆင်းမှုမှ သေချာပေါက် လွတ်မြောက်သွားနိုင်ပါလိမ့်မယ်" လို့ ဖိလစ်လမ်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။