ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ အာဂျင်တီးနားတို့ပါဝင်မယ့် စိတ်လှုပ်ရှားစရာ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွေ ဒီည စတင်မယ်
ပြိုင်ပွဲဝင်အသင်း ၄၈ ခုအထိ တိုးမြှင့်ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ကျင်းပလာတာ တစ်လကျော်ရှိလာချိန် အခုဆိုရင် ဆီမီးဖိုင်နယ်အဆင့်ဆီ ရောက်ရှိလာပါပြီ။ ဒီညမှာတော့ ဥရောပအင်အားကြီး ပြင်သစ်နဲ့ စပိန်တို့ ထိပ်တိုက်တွေ့ဆုံဖို့ရှိသလို မနက်ဖြန်ညပိုင်းမှာတော့ လက်ရှိချန်ပီယံအာဂျင်တီးနားနဲ့ အင်္ဂလန်တို့ အားပြိုင်သွားကြပါလိမ့်မယ်။
တောင်အမေရိကကိုယ်စားပြု အာဂျင်တီးနားနဲ့ ဘောလုံးကြယ်ပွင့်မက်ဆီတို့က ကျန်ခဲ့တဲ့တနင်္ဂနွေနေ့မနက်ခင်းပိုင်း၊ ကန်ဆက်စီးတီးပွဲစဉ်ရဲ့အချိန်ပိုမှာ ကစားသမားတစ်ဦးလျော့ဆွစ်ဇာလန်ကို အနိုင်ယူပြီး ပြိုင်ပွဲရဲ့နောက်ဆုံးလေးသင်းအဆင့်ဆီ နောက်ဆုံးဝင်ရောက်လာပါတယ်။ မက်အယ်လစ္စတာရဲ့ဦးဆောင်ဂိုးကို ဆွစ်ဇာလန်အသင်း ပြန်ချေပေနိုင်လို့ အချိန်ပို ဆက်ကစားရပေမဲ့ အယ်လ်ဗာရက်ဇ်ရဲ့လှပတဲ့ကန်ချက်နဲ့ လော်တာရိုမာတီနက်ဇ်ရဲ့ နောက်ဂျဂိုးတို့ကြောင့် အာဂျင်တီးနားအသင်း အနိုင်ရရှိခဲ့ပါတယ်။
အာဂျင်တီးနားက ၁၉၆၂ ခုနှစ်၊ ဘရာဇီးအသင်းနောက်ပိုင်း ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက်သိမ်းပိုက်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ ရည်မှန်းထားပါတယ်။ အခုတော့ သူတို့က အတ္တလန်တာမြို့မှာ ဟယ်ရီကိန်း၊ ဘယ်လင်ဟမ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်သွားရပါတော့မယ်။
အင်္ဂလန်ကတော့ ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ကမ္ဘာ့ချန်ပီယံဆုကို ရယူဖို့ စိတ်အားထက်သန်နေပြီး လွန်ခဲ့တဲ့တနင်္ဂနွေနေ့၊ မီယာမီမှာ နော်ဝေကို ဘယ်လင်ဟမ်ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က "ရလဒ်ကတော့ တကယ့်ကို ကောင်းပါတယ်။ ဆီမီးဖိုင်နယ်တက်နိုင်တယ်ဆိုတာ အံ့ဩစရာပါပဲ၊ ဒါပေမဲ့ ကစားပုံကိုတော့ သိပ်အားမရပါဘူး... ဒီနေ့ ကျွန်တော်တို့ အတော်လေး ကံကောင်းခဲ့ပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
ဒါက အင်္ဂလန်အတွက် ၁၉၆၆ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်နဲ့ ၂၀၁၈ ခုနှစ်ပြိုင်ပွဲတွေအပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်ဆီ လေးကြိမ်မြောက်တက်လှမ်းမှု ဖြစ်ပါတယ်။ အင်္ဂလန်က နောက်ဆုံးကစားခဲ့တဲ့ ဆီမီးဖိုင်နယ်နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့ပေမဲ့ အာဂျင်တီးနားကတော့ ဆီမီးဖိုင်နယ်ရောက်ရှိတဲ့ ခြောက်ကြိမ်ကို အပြည့်အ၀ကျော်ဖြတ်နိုင်ပြီး ဗိုလ်လုပွဲမပျက်မကွက် တက်ရောက်နိုင်တဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။
ကြာသပတေးနေ့မနက်ပိုင်းပွဲစဉ်က ၁၉၈၆ မက္ကဆီကိုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကြိတ်အနယ်ရှိလှတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်အပြီး နှစ် ၄၀ အကြာမှာ ရောက်ရှိလာတာပါ။ အဲ့ဒီအချိန်တုန်းကတော့ မာရာဒိုနာရဲ့ နာမည်ကျော်"ဘုရားသခင်ပေးသောလက်"(Hand of God) သွင်းဂိုးအပါအဝင် အာဂျင်တီးနားက ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
မာရာဒိုနာရဲ့မျိုးဆက်သစ်ဖြစ်တဲ့ မက်ဆီအတွက်လည်း ဒီပွဲစဉ်က လက်ရွေးစင်အဆင့် ၂၀၆ ပွဲမြောက်ဖြစ်သလို အင်္ဂလန်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပွဲစဉ်ကို နှစ်နိုင်ငံအကြား ဖောက်ကလန်ကျွန်းအငြင်းပွားမှုနောက်ခံပန်းချီကားနဲ့အတူ ယှဉ်ပြိုင်ကစားသွားရပါမယ်။
သမိုင်းကြောင်းအရ ဖောက်ကလန်ကျွန်းကို ၁၉၈၂ ခုနှစ်မှာ အာဂျင်တီးနားတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ချိန် ဗြိတိန်က စစ်တပ်စေလွှတ်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားနည်းပြစကာလိုနီကတော့ "ဒါ ဘောလုံးပွဲစဉ်တစ်ခုပါပဲ၊ ဒီလောက်ပဲ ကျွန်တော်ပြောနိုင်ပါတယ်။ အင်္ဂလန်မှာ အရမ်းထက်မြက်တဲ့ နည်းပြရှိသလို ပြိုင်ဘက်ကောင်းလည်း ဖြစ်ပါတယ်။ ဘောလုံးပွဲစဉ်သက်သက်ပါပဲ" လို့ ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရရှိမယ့်အသင်းက ဇူလိုင် ၁၉ ရက်၊ နယူးယောက်မြို့ရှိ MetLife Stadium ကွင်းဖိုင်နယ်ဆီ တက်ရောက်ပြီး ပြင်သစ်(သို့မဟုတ်)စပိန်နဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ ဒါ့အပြင် အခုဆီမီးဖိုင်နယ်ပွဲစဉ်တွေက ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အမြင့်ဆုံးအသင်းလေးခု ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ပြင်သစ်နဲ့ စပိန်တို့ကတော့ ဗုဒ္ဓဟူးနေ့မနက်ပိုင်း၊ ဒါးလက်စ်မြို့မှာ ယှဉ်ပြိုင်ကစားသွားကြပါမယ်။ ဒါက ယူရို-၂၀၂၄ ဆီမီးဖိုင်နယ်ပြိုင်ဘက်တွေ ပြန်လည်ဆုံတွေ့မှုလည်း ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက စပိန်က ပြင်သစ်ကို ကျော်ဖြတ်ပြီး ဆုဖလားသိမ်းပိုက်နိုင်ခဲ့သလို ယာမယ်လ်ကိုယ်တိုင်လည်း သူ့ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့မတိုင်ခင် အံ့ဖွယ်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ အခုတော့ သူက အသက် ၁၉ နှစ်ပြည့်ပြီး နောက်တစ်ရက်မှာ ဒီပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါလိမ့်မယ်။ အခုတစ်ကြိမ်မှာလည်း စပိန်သားတွေရဲ့မျှော်လင့်ချက်က သူ့အပေါ်မှာ ရှိနေပြန်ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာကြယ်ပွင့်လေးက အကင်းမသေသေးတဲ့ဒဏ်ရာပြဿနာကြောင့် အခုအထိ ခြောက်ပွဲကစားရာမှာ တစ်ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ စပိန်အသင်းခေါင်းဆောင်ရိုဒရီက " ယာမယ်လ်ကိုယ်တိုင် သူ့ရဲ့အရေးပါမှုကို ပြသချင်နေလို့ စိုးရိမ်စိတ်တွေ ရှိနေတာကို လျှော့ချဖို့ လိုအပ်ပါတယ်။ သူက ထက်မြက်တဲ့ကလေးပါ။ ဒါပေမဲ့ အသက်တော့ ၁၉ နှစ်ပဲ ရှိပါသေးတယ်" လို့ ပြောပါတယ်။
ပြင်သစ်ကြယ်ပွင့်အမ်ဘာပေကတော့ မြောက်အမေရိကမြေကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီး ရှစ်ဂိုးအထိသွင်းယူထားကာ ရွှေဖိနပ်ဆုအတွက် မက်ဆီနဲ့ အပြိုင်ဖြစ်နေသလို မက်ဆီရဲ့ကမ္ဘာ့ဖလားသမိုင်းတလျှောက် သွင်းဂိုးအများဆုံးစံချိန် (၂၁ ဂိုး)ကိုလည်း လိုက်မီဖို့ တစ်ဂိုးသာ လိုအပ်ပါတော့တယ်။
တဖက်မှာလည်း စပိန်ကွန်ဆာဗေးတစ်ဝန်ကြီးချုပ်ဟောင်းမာရီယာနိုရာဂျွိုင်းက လက်ရှိပြင်သစ်အသင်းမှာ "ပြင်သစ်ကစားသမားတွေ မပါဘူး" လို့ ပြောဆိုခဲ့ပြီးနောက် ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် လက်ရှိစပိန်ဝန်ကြီးချုပ်က ဒီပြောဆိုမှုကို လူမျိုးရေးခွဲခြားတဲ့လုပ်ရပ်အဖြစ် ပြစ်တင်ခဲ့သလို ပြင်သစ်ပြည်ထဲရေးဝန်ကြီးလောရန့်နူနက်ဇ်ကလည်း လုံး၀လက်သင့်ခံနိုင်စရာမရှိတဲ့ အယူအဆလို့ ဝေဖန်ခဲ့ပါတယ်။