ဖူလ်ဟမ်နဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုလိုက်တဲ့ ကင်မရွန်းတောင်ပံကစားသမား မာကောလေး ဇီပါ
အလားအလာရှိတဲ့ လူငယ်ကစားသမားလေး မာကောလေး ဇီပါဟာ ကလပ်အသင်းနဲ့အတူ သူရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ဖူလ်ဟမ်အသင်းက ကြေညာခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူဟာ ၂၀၂၄ ခုနှစ်မှာ ဖူလ်ဟမ်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လူငယ်သင်တန်းသားဘဝမှာတင် အသင်းကို အထင်ကြီးအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။
ပထမဆုံးရာသီမှာတင် ဒီတောင်ပံကစားသမားလေးဟာ ယူ-၁၈ ပရီးမီးယားလိဂ်မှာ ၂၄ ပွဲကစားပြီး သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
သူရဲ့ ခြေစွမ်းပြမှုတွေကြောင့် ပြီးခဲ့တဲ့ရာသီက ဖူလ်ဟမ် ယူ-၂၁ အသင်းမှာ ပုံမှန်ကစားခွင့် ရရှိခဲ့ပြီး နေရာစုံမှာ ၂၈ ပွဲအထိ ပါဝင်ကစားပေးခဲ့သလို ယူ-၁၈ အသင်းအတွက်လည်း ၄ ပွဲ ကစားပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းမှာတော့ ဇီပါဟာ စပိန်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးစခန်းအတွက် ကင်မရွန်း ယူ-၂၃ အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။
"ဒီကလပ်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက် ဖြစ်လာရတာ တကယ်ကို ခံစားချက်ကောင်းပါတယ်။ အခုကစပြီး ကျွန်တော် အစွမ်းကုန် ကြိုးစားသွားဖို့ အသင့်ပါပဲ။ ဒီရာသီမှာ ယူ-၂၁ အသင်းနဲ့အတူ ဆက်လက်တိုးတက်အောင် ကြိုးစားသွားမှာဖြစ်ပြီး စီနီယာအသင်းကြီးမှာ ကစားခွင့်ရဖို့လည်း မျှော်လင့်ထားပါတယ်" လို့ သူက fulhamfc.com ကို ပြောကြားခဲ့ပါတယ်။