ဟားလ်စီးတီးကို အနိုင်ယူပြီးနောက် ဖူလ်ဟမ်အတွက် အရှိန်အဟုန်ကောင်းတစ်ခု ဆက်လက်တည်ဆောက်သွားနိုင်မယ်လို့ အီဝိုဘီ ယုံကြည်နေ
ပြီးခဲ့တဲ့စနေနေ့၊ ကရာဗန်ကော့တေ့ချ်ကွင်းမှာ ဟားလ်စီးတီးကို ၁-၀ ဂိုးဖြင့် အကြိတ်အနယ်အနိုင်ရရှိပြီးနောက် ဖူလ်ဟမ်အတွက် ပရီးမီးယားလိဂ်ဘောလုံးရာသီသစ် ခရီးလမ်း ပြန်လည်အသက်သွင်းနိုင်မယ်လို့ အီဝိုဘီ ယုံကြည်လာပါတယ်။
အဲ့ဒီပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မှာ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားက အဆုံးအဖြတ်အနိုင်ဂိုးကို သွင်းယူခဲ့ပြီး လန်ဒန်အခြေစိုက်ကလပ်အသင်းရဲ့ ရာသီအဖွင့်နိုင်ပွဲပျောက်ဆုံးမှုစံချိန်ဆိုးကို ရပ်တန့်ပေးခဲ့ပါတယ်။
ဒီလိုနိုင်ပွဲရရှိဖို့ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရတယ်လို့ အီဝိုဘီက ဝန်ခံခဲ့ပြီး ဖူလ်ဟမ်ရဲ့ကစားပုံခြေစွမ်းပိုင်းအရ အခုထက်ပိုမိုတဲ့ရလဒ်ကောင်းတွေနဲ့ ထိုက်တန်ခဲ့တယ်လို့ သူက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။
ကွင်းလယ်ကစားသမားက ဒီနိုင်ပွဲကို အခြေပြုပြီး လာမယ့်ပွဲစဉ်တွေကို အရှိန်အဟုန်ကောင်းကောင်း ကျော်ဖြတ်သွားကြဖို့ သူ့ရဲ့အသင်းဖော်တွေဆီ တိုက်တွန်းခဲ့ပါတယ်။
Fulham TV နဲ့တွေ့ဆုံချိန် အီဝိုဘီက "ဒီနိုင်ပွဲကို ရရှိဖို့ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ ရလဒ်တွေ တခြားစီဖြစ်နေခဲ့ပေမဲ့ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်"
"နည်းပြက ကျွန်တော်တို့ကို ဆက်လက်ကြိုးစားဖို့ ပြောထားပြီး ကံတရားလည်း ကျွန်တော်တို့ဘက် ပါလာမယ်လို့ မျှော်လင့်ပါတယ်။ အခုစတင်နိုင်ခဲ့ပြီဖြစ်လို့ ဆက်လက်အားစိုက်ထုတ်ပြီး ဒီအရှိန်အဟုန်ကို လက်ကျန်ရာသီတစ်ခုလုံးအတွက် အသုံးချသွားရပါမယ်" လို့ ပြောပါတယ်။