The network connection is lost.

Banner Image

ထိပ်တန်းပရီးမီးယားလိဂ်ကလပ်အသင်းတွေမျက်စိကျနေချိန် ဂျော့ရှ်ကင်းအတွက် အပြောင်းအရွှေ့ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ ဖူလ်ဟမ်

ထိပ်တန်းပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှု ပြသလာချိန် လူငယ်ကြယ်ပွင့်ဂျော့ရှ်ကင်းရဲ့အနာဂတ်အတွက် ဖူလ်ဟမ်က ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပါတယ်။

အာဘီလိုအာရဲ့အသင်းအတွက် ရာသီအစ၊ ရုန်းကန်နေရတဲ့ကာလအတွင်း အသက် ၁၉ နှစ်အရွယ်ကစားသမားက ဖူလ်ဟမ်အတွက် တောက်ပတဲ့မျှော်လင့်ချက် မီးရှူးတန်ဆောင်တစ်ခု ဖြစ်ခဲ့ပါတယ်။

ဖူလ်ဟမ်က ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ခြောက်ခုမှာ နှစ်မှတ်သာ စုဆောင်ထားနိုင်ပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေဆီ ရောက်ရှိနေပါတယ်။ ဒီပွဲစဉ်တွေအတွင်း အသင်းရရှိခဲ့တဲ့ခြောက်ဂိုးအနက် နှစ်ဂိုးကို ဂျော့ရှ်ကင်း သွင်းယူပေးခဲ့ပါတယ်။

ဒါကြောင့် ဇန်နဝါရီစျေးကွက်မတိုင်ခင် မိုက်ကယ်ကာရစ်ရဲ့မန်ချက်စတာယူနိုက်တက်အပါအဝင် ပရီးမီးယားလိဂ်ထိပ်တန်းကလပ်အသင်းတွေရဲ့စိတ်ဝင်စားမှုကို ဂျော့ရှ်ကင်း ရရှိလာပါတယ်။

TeamTalk ရဲ့ဖော်ပြချက်အရ ဖူလ်ဟမ်ဘက်က ရာသီဝက်ကာလမှာ ဂျော့ရှ်ကင်းကို အသင်းမှထွက်ခွာခွင့်ပြုဖို့ ရည်ရွယ်ချက် လုံးဝမရှိသလို သူ့ကို တန်းတင်ကျန်ရစ်နိုင်ရေးကြိုးပမ်းမှုရဲ့ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။

တကယ်လို့ ဖူလ်ဟမ်ရဲ့အသင်းလိုက်ခြေစွမ်းပိုင်းသာ တိုးတက်မလာဘူးဆိုရင်တော့ အဲ့ဒီရပ်တည်ချက်အတိုင်း ဆက်လက်တည်ရှိနေဖို့ ပိုမိုခက်ခဲလာနိုင်ပြီး နွေရာသီမှာ အသင်းမှထွက်ခွာသွားနိုင်ခြေကိုတော့ လုံး၀ပယ်ချထားခြင်း မရှိသေးပါဘူး။

သူတို့ရဲ့တန်ဖိုးအကြီးမားဆုံးကစားသမားကို ရောင်းထုတ်ဖို့အတွက် ပေါင်သန်း ၅၀ ကျော် ပြောင်းရွှေ့ကြေးကို ဖူလ်ဟမ် တောင်းဆိုသွားမယ်လို့ သိရပါတယ်။