The network connection is lost.

Banner Image

လက်ကျန်ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပိုမိုကောင်းမွန်တဲ့ပုံစံမျိုးနဲ့ ကစားသွားမယ်လို့ ယာမယ်လ်ကတိပြု

အခုချိန်အထိတော့ ဘာစီလိုနာတောင်ပံကစားသမားယာမယ်လ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အများမျှော်လင့်ထားသလောက် မလုပ်ပြနိုင်သေးပါဘူး။ အသက်-၁၈ နှစ်အရွယ်လူငယ်ကြယ်ပွင့်က ငါးပွဲကစားပြီးချိန် တစ်ဂိုးသာ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှုလည်း မပြုလုပ်ထားနိုင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကတော့ ပြန်လာဖို့ ရှိနေပါသေးတယ်။

စပိန်လက်ရွေးစင်အသင်းဖော်နီကိုဝီလျံစ်ရဲ့ချီးကျူးမှုကို ရရှိထားတဲ့ ယာမယ်လ်က MD နဲ့ အင်တာဗျူးမှာ သူ့ရဲ့ကမ္ဘာ့ဖလားအခြေအနေနဲ့ပတ်သက်လို့ ပြိုင်ပွဲမတိုင်ခင် ဒဏ်ရာပြဿနာနဲ့အတူ အနားယူခဲ့မှုကြောင့် သက်ရောက်မှုရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် အခုထက် ပိုကောင်းနိုင်ပါသေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း အားမရဖြစ်မိပြီး 'ဒီလောက်ဆို ရပါပြီ' လို့ ဘယ်တော့မှ မတွေးမိပါဘူး။ ဘာစီလိုနာမှာလည်း ကျွန်တော်ဖြစ်ချင်တဲ့ ပန်းတိုင်ဆီ မရောက်သေးသလို အခုလည်း မရောက်သေးပါဘူး။ နှစ်လလောက်အနားယူထားရမှုက ခုနစ်ပွဲဆက်တိုက်ကစားထားတဲ့ အခြေအနေမျိုးနဲ့ မတူညီပါဘူး။ ဘောလုံးကိုပိုထိတွေ့ကာ ပွဲချိန်မိနစ်တွေ ပိုရရှိလာတာနဲ့အမျှ ကျွန်တော် ဖြစ်ချင်တဲ့ပုံစံမျိုး ရလာပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။

ဂိုးမသွင်းယူနိုင်ချိန် ကွင်းတွင်းမှာ စိတ်ပျက်လက်ပျက်ဖြစ်နေမှုမှတဆင့် ဒေါသထွက်လာသလားဆိုတဲ့မေးခွန်းကိုလည်း ယာမယ်လ်က ငြင်းချက်ထုတ်တုံ့ပြန်ခဲ့ပါတယ်။

"ဆော်ဒီနဲ့ပွဲစဉ်အပြီး လူတွေက ကျွန်တော် ဂိုးမသွင်းနိုင်လို့ စိတ်ဆိုးနေတယ်လို့ ထင်ကြပါတယ်။ ကျွန်တော်ကတော့ သူငယ်ချင်းတွေကို အမြဲပြောတယ်၊ ကျွန်တော် ဂိုးမသွင်းနိုင်လို့ ကွင်းတွင်မှ စိတ်ဆိုးဒေါသထွက်ပြီး ထွက်လာတာမျိုး လုံး၀မရှိပါဘူး။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က ဂိုးသွင်းယူဖို့ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဂိုးဆိုတာ ဘယ်ကစားသမားမဆို သွင်းနိုင်တာပဲလေ။ ကျွန်တော်က ပွဲအပေါ်မှာ ပိုပြီး အဆင့်အတန်းမြင့်မြင့်နဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့သူ ဖြစ်ချင်ပါတယ်။ ဂိုးသွင်းချင်ဇောနဲ့ ကစားကွက်တွေကို ဖျက်ဆီးမိသလို ဖြစ်နေတာကို လူတွေ သတိထားမိကောင်း သတိထားမိလိမ့်မယ်၊ ဒါပေမဲ့ ကျွန်တော်က အမြဲတမ်း အဲဒီလိုပဲ ကစားတတ်တာပါ။ ဘာစီလိုနာမှာ ကျွန်တော့်ပွဲစဉ်တွေကို ကြည့်ဖူးသူတွေဆိုရင် ကျွန်တော်ကိုယ်တိုင် တစ်ဦးချင်းကျော်ဖြတ်မှုတွေ ဘယ်လောက်လုပ်လဲဆိုတာ သိပါလိမ့်မယ်။ နည်းပြပြောတဲ့ စိုးရိမ်စိတ်ဆိုတာ ဒါကို ပြောတယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက ရှေ့လာမယ့် ဘယ်လ်ဂျီယံနဲ့ ကွာတားဖိုင်နယ်မှစလို့ ကျန်ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသသွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

"အရေးကြီးတဲ့ ဆီမီးဖိုင်နယ် ဒါမှမဟုတ် ဗိုလ်လုပွဲတွေ နီးလာလေလေ၊ ကျွန်တော် ပိုကောင်းအောင် ကစားနိုင်လေလေပါပဲ။ ကျွန်တော်က အုပ်စုအဆင့်မှာ ခြေစွမ်းအပြဆုံး ကစားသမားမျိုး တစ်ခါမှ မဖြစ်ဖူးတာမို့ ဒါနဲ့ပတ်သက်ပြီး စိတ်အေးအေးထားပါတယ်။ ကျွန်တော့်မှာ သက်သေပြဖို့ အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ သိထားပြီး ဘယ်လ်ဂျီယံနဲ့ပွဲစဉ်မှာ အသင်းတစ်ခုလုံးအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လာအောင် ကြိုးစားသွားပါမယ်" လို့ ယာမယ်လ်က နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။